ဖာပွန်မြို့နယ်၌ အားကစားဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် သရုပ်ပြပွဲကျင်းပ

ဖာပွန်   ၂၁  ဩဂုတ်


ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ အားကစားဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် သရုပ်ပြပွဲကို ယမန်နေ့ ညနေပိုင်းက ဖာပွန်မြို့နယ် အခြေခံပညာ အထက်တန်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပခဲ့သည်။

 

1

 


အခမ်းအနားတွင် ခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာစောမြင့်ထူးက အဖွင့်အမှာစကား ပြောကြားပြီး ခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သီတာအေးက ကျောင်းသား ကျောင်းသူများ ကာယ၊ ဉာဏ ဖွံ့ဖြိုးတိုးတက်စေရန်၊ ဘက်စုံထူးချွန်ထက်မြတ်သော အားကစားသမားကောင်းများ မွေးထုတ်ပေးနိုင်ရန်နှင့် အားကစား ပြုလုပ်ခြင်းဖြင့် ကိုယ်ခန္ဓာကျန်းမာဖွံ့ဖြိုးပြီး ဉာဏ်ရည် ထက်မြက်လာစေရန်အတွက် စက်တင်ဘာ ၄ ရက်တွင် အေရိုးဗစ်သင်တန်း ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။


ထို့နောက် Myanmar Fitness Dance ဆရာမ ဒေါ်နဒီအောင်က အေရိုးဗစ်အကဖြင့် သရုပ်ပြသခဲ့သည်။


ဟောပြောပွဲသို့ ခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး၊ ခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ စုစုပေါင်း (၂၈၄)ဦးခန့် တက်ရောက်ခဲ့သည်။


ကျော်ဝဏ္ဏ(ပြန်/ဆက်)