ဖော်ကာ၏ WANTED ONE BAND SHOW မျှော်စင်ကျွန်းတွင် ကျင်းပမည်

ရန်ကုန်  ၁၉  ဇန်နဝါရီ
 
လူငယ်ရောခ့်ဂီတချစ်သူတို့ အသည်းကျော် တေးသံရှင်ဖော်ကာ(Wanted) ၏ ဒုတိယအကြိမ်မြောက် Wanted One Band Show ကို ဖေဖော်ဝါရီ ၁၈ ရက်တွင် ရန်ကုန်မြို့ရှိ မျှော်စင်ကျွန်း၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
 
“ဒီနှစ်မှာတော့ တေးသီချင်းစုစုပေါင်း ၃၀ကျော် ဖျော်ဖြေမယ်လို့စိတ်ကူးထားပါတယ်။ အားလုံးကလည်း လူငယ် အကြိုက်တွေများမယ်ဗျ။ တစ်ကိုယ်တော်ဖျော်ဖြေပွဲလုပ်ဖို့ဆိုတာက တော်တော်တော့ အချိန်ယူရတယ်။ အကောင်းဆုံးဖြစ်အောင်လည်း ကြိုးစားပြင်ဆင်နေပါတယ်။ ဒီနှစ်မှာတော့ ကျွန်တော်က ကြော်ငြာတာ သိပ်မလုပ်ဖြစ်ဘူး။ ဇန်နဝါရီလမကုန်ခင်တော့ ပထမအကြိမ်ဖျော်ဖြေပွဲတုန်းက သီချင်းတွေကို ကျွန်တော့်ရဲ့ လူမှုကွန်ရက် စာမျက်နှာကနေတစ်ဆင့် ပြန်တင်ပေးသွားပြီး ဒီနှစ်ပွဲအတွက် ကြော်ငြာပေးသွားဖို့တော့ စိတ်ကူးထားပါတယ်။ ကျွန်တော်တို့လို ဂီတသမားတွေအတွက်က One Man Show လုပ်နိုင်ဖို့ဆိုတာ အိပ်မက်ပဲ။ အားပေးကြစေချင်ပါတယ်”ဟု ဖော်ကာက ပြောကြားသည်။
 
ရောခ့်ဂီတချစ်သူများအတွက် ရောခ့်သီချင်းများဖြင့် အားပါးတရဖျော်ဖြေပေးနိုင်ရန် ဖော်ကာက ပြင်ဆင်နေ သည့်အပြင် သြဂုတ်လတွင် ကျရောက်မည့် မွေးနေ့အထိမ်းအမှတ်အဖြစ်လည်း တစ်ကိုယ်တော်အခွေ ထုတ်လုပ်ခွင့်ရရန် ကြိုးစားနေကြောင်းသိရသည်။ “စိတ်နဲ့လူ”ဆိုပြီး ကျွန်တော့်ရဲ့ တစ်ကိုယ်တော်အခွေကို နာမည်ပေးထားပါတယ်။ အမ်တီဗီအဖြစ် ထွက်နိုင်အောင် စီစဉ်နေပါတယ်။ ဒီအခွေထဲမှာလည်း အနည်းဆုံး သီချင်းသစ် ၁၂ပုဒ် ပါမယ်လို့ မှန်းထားပါတယ်”ဟု ဖော်ကာက ပြောကြားသည်။
 
ကိုလင်း