ဖေ့စ်ဘွတ်မူဝါဒကို ချိုးဖောက်သူ မည်သူမဆို သတိပေးခြင်းခံရမည်

ဝါရှင်တန် ၂၈ ဇွန်

 

နိုင်ငံရေးသမားများအပါအဝင် ဖေ့စ်ဘွတ်မူဝါဒကို ချိုးဖောက်သော မည်သူမဆို ၎င်းတို့၏ပို့စ်တွင် သတိပေးမှုများ စတင်ပြုလုပ်တော့မည်ဖြစ်ကြောင်း ဖေ့စ်ဘွတ်အမှုဆောင်အရာရှိချုပ် မာ့ခ်ဇူကာဘတ်က ပြောကြားလိုက်သည်။

 

ပို့စ်များနှင့် ကြော်ငြာများပေါ်တွင် ဖေ့စ်ဘွတ် မူဝါဒသစ်ကို ဇွန် ၂၆ ရက်က ကြေညာခဲ့ကြောင်း ဇူကာဘတ်က ပြောကြားလိုက်သည်။

 

လူရေးခွဲခြားဖိနှိပ်မှုများနှင့် အသားအရောင် သို့မဟုတ် လူရေးကို အခြေခံသည့် အမုန်းတရားများဖြစ်ပေါ်အောင် သွေးထိုးလှုံ့ဆော်မှုများပါသည့် ကြော်ငြာများကိုလည်း တားမြစ်မည်ဖြစ်ကြောင်း ဇူကာဘတ်က ပြောကြား လိုက်သည်။

 

ခြွင်းချက်တစ်စုံတစ်ရာမရှိဘဲ ဖေ့စ်ဘွတ်မူဝါဒကို ဖောက်ဖျက်သည့် သတင်းအကြောင်းအရာများကိုလည်း သတိပေးစာတန်းများ ရေးထိုးသွားမည် ဖြစ်ကြောင်းနှင့် ဆန္ဒမဲပေးမှုကို နှောင့်နှေးစေသည့် ဆောင်ရွက်ချက်များနှင့် အကြမ်းဖက်မှုဖြစ်အောင် လှုံ့ဆော်ပေးသည့် မည်သည့်အကြောင်းအရာမဆို ဖေ့စ်ဘွတ်မှ ဖယ်ရှားသွားမည်ဖြစ်ကြောင်း ဇူကာဘတ်က ဆက်လက် ပြောကြားလိုက်သည်။

 

အကြမ်းဖက်မှုများကို မီးလောင်ရာလေပင့်ဖြစ်စေမည့် လူမည်းများ၏ အသက်သာ ပဓာနဆိုသည့် ဆန္ဒပြမှုများနှင့်ပတ်သက်ပြီး အမေရိကန်သမ္မတဒေါ်နယ်ထရမ့်တင်ထားသော ပို့စ်ကို တွစ်တာက သတိပေးစာတန်းရေးထိုးခဲ့သည်။ သို့သော်လည်း ဇူကာဘတ်က နိုင်ငံရေးမှတ်ချက်များကို ကိုင်တွယ်ရာတွင် သတိနှင့် ကိုင်တွယ်ရမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

 

ဖေ့စ်ဘွတ်ကုမ္ပဏီအလုပ်သမားအချို့က ယင်းအပေါ် သဘောထားကွဲလွဲ လျက်ရှိသလို ကုမ္ပဏီကြီးတွေကလည်း ၎င်းတို့၏ ကြော်ငြာများကို ဖေ့စ်ဘွတ်မှ ပြန်လည်ရုပ်သိမ်းသွားကြသည်။

 

ဖေ့စ်ဘွတ်မူဝါဒပြောင်းလဲရန် ဇူကာဘတ်အား ဖိအားပေးခံရခြင်း ဖြစ်နိုင်ကြောင်း လေ့လာသူများက ပြောသည်။

 

အင်န်အိတ်ချ်ကေ