ဖီဂျီနိုင်ငံ၌ လူပေါင်း ၉၇၀၀၀ ကျော် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အပိုဆောင်းထိုးနှံပြီးဖြစ်

ဆူဗာ ဖေဖော်ဝါရီ ၂၃

 

ဖီဂျီနိုင်ငံ၌ ဖေဖော်ဝါရီ ၂ ရက်အထိ လူဦးရေ ၉၇၂၁၅ ဦး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတတိယအကြိမ်အပိုဆောင်း ထိုးနှံမှုခံယူခဲ့ပြီးဖြစ်ကြောင်း ဖီဂျီကျန်းမာရေးဝန်ကြီးဌာနက ယနေ့တွင် ပြောသည်။

 

ကျွန်းနိုင်ငံတစ်ခုဖြစ်သည့် ဖီဂျီနိုင်ငံသည် နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတတိယအကြိမ် အပိုဆောင်းထိုးနှံမှုအစီအစဉ်ကို ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်းက စတင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ဖီဂျီ နိုင်ငံ၌ အရွယ်ရောက်ပြီး လူဦးရေ၏ ၉၃  ဒသမ ၁ ရာခိုင်နှုန်းသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံမှုခံယူပြီး ဖြစ်ကြောင်းနှင့် ၉၈ ဒသမ ၂ ရာခိုင်နှုန်း သည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး  တစ်ကြိမ် ထိုးနှံမှုခံယူပြီးဖြစ်ကြောင်း ဖီဂျီကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုပြောကြားသည်။ ။

 

ထို့ပြင် ဖီဂျီနိုင်ငံ၌ အသက် ၁၅ နှစ်မှ ၁၇ နှစ်အကြားရှိသူ စုစုပေါင်း ၃၀၉၃၀ နှင့် အသက် ၁၂ နှစ်မှ ၁၄ နှစ်အကြားရှိသူ ၁၂၇၆၄ ဦးတို့သည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံမှုခံယူပြီး ဖြစ်ကြောင်း သိရသည်။

 

ဖီဂျီနိုင်ငံအနေဖြင့် ကလေးငယ်များနှင့် အရွယ်ရောက်ပြီးသူများအား Moderna နှင့် Pfizer ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးများ အသုံးပြုကာ ဆက်လက်ထိုးနှံ သွားမည်ဖြစ်ကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တတိယအကြိမ် အပိုဆောင်းထိုးနှံမှုကိုလည်း ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

 

ဖီဂျီနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါစတင် ဖြစ်ပွားသည့် ၂၀၂၀ ပြည့်နှစ် မတ်လ နောက်ပိုင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံ ရသူစုစုပေါင်း ၆၃၆၅၀ ရှိကြောင်းနှင့် သေဆုံးသူ ၈၂၆ ဦးရှိကြောင်း သိရသည်။

 

ကိုးကား-ဆင်ဟွာ၊

ဘာသာပြန် အလင်းသစ်