ဖိလစ်ပိုင်နိုင်ငံ၌ ဝက်သက်နှင့်ကြက်ညှာရောဂါဖြစ်ပွားမှုများနှင့်ရင်ဆိုင်နေရ

 

မနီလာ ဧပြီ ၂၅

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းဒေသတွင် ဝက်သက်ရောဂါဖြစ်ပွားမှုများနှင့် ကြုံတွေ့နေရပြီး အလယ်ပိုင်းဒေသ လူဇွန်ကျွန်းနှင့် ဗစ်စရာကျွန်း အစိတ်အပိုင်းများတွင် ကြက်ညှာရောဂါ ဖြစ်ပွားလျက်ရှိသည်။ ထို့ပြင် တိုင်းပြည်အတွင်း ပြည်နယ်များ၏ ၇၀ ရာခိုင်နှုန်းနီးပါးမှာလည်း ပိုလီယိုခြိမ်းခြောက်မှုအန္တရာယ်နှင့် ကြုံတွေ့နေရကြောင်း ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့က ပြောသည်။

အဆိုပါရောဂါသုံးမျိုးစလုံးမှာ ကလေးငယ်များအတွက် ကူးစက်မှုမြင့်မားသည့် ရောဂါများဖြစ်ကြသည်ဟု ကုလသမဂ္ဂအေဂျင်စီက မကြာသေးမီအတွင်းက သတင်းထုတ်ပြန်ခဲ့သည်။ ဘန်ဆာမိုရို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ဧပြီ ၁ ရက်မတိုင်မီအထိ ဝက်သက်ရောဂါဖြစ်ပွားသူ ၅၀၀ ကျော် ရှိသည်။

ဝက်သက်ရောဂါ ကာကွယ်ဆေးကို မတ်လလယ်မှစတင်၍ ထိုးပေးခဲ့သည်။ ယခု ဝက်သက်ရောဂါ ဖြစ်ပွားသူဦးရေမှာ ၂၀၂၃ ခုနှစ် တစ်နှစ်လုံး ဖြစ်ပွားသူဦးရေနှင့် အတူတူနီးပါးရှိသည်။ ကာကွယ်ဆေးထိုးရန် စည်းရုံးလှုံ့ဆော်မှုများ ရှိသော်လည်း ကာကွယ်ဆေးထိုးပေးသည့် ကာလအတွင်း အယူအဆအမှားများနှင့် ကာကွယ်ဆေးထိုးရာတွင် ပင်ပန်းနွမ်းနယ်မှုများကြောင့် ကာကွယ်ဆေးထိုးရန် ငြင်းဆန်မှုများနှင့် ကြုံတွေ့ကြရသည်။

ကလေးများကြား ကာကွယ်ဆေးထိုး၍ ကာကွယ်နိုင်သောရောဂါများ အဆုံးသတ်စေရန် အစိုးရအနေဖြင့် ကာကွယ်ဆေးထောက်ပံ့မှုနှင့် လိုအပ်ချက်များကို ဖြေရှင်းရန် ကာကွယ်ဆေးထိုးခြင်း လှုပ်ရှားမှုများမစတင်မီ လူထုအသိုင်းအဝိုင်းအတွင်း ကြိုတင် ပြင်ဆင်မှုများပြုလုပ်ရန် ယူနီဆက်ဖ်က တိုက်တွန်းထားသည်။

ဆင်ဟွာ