ဖိလစ်ပိုင်နိုင်ငံရောက် မြန်မာနိုင်ငံသား ၁၂၂ ဦး MAI ကယ်ဆယ်ရေးအထူးလေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာ

၅  ဇူလိုင်

အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ (COVID-19) ကူးစက်ပြန့်ပွားမှု ထိန်းချုပ်ကာကွယ်ရေး စီမံချက်များကြောင့် မြန်မာနိုင်ငံသို့ အချိန်မီပြန်လည် ထွက်ခွာနိုင်ခြင်းမရှိဘဲ ဖိလစ်ပိုင်နိုင်ငံတွင် ဆက်လက်နေထိုင်ရန် အခက်အခဲများကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား ၁၂၂ ဦးသည် Carnival Cruises Ltd. (CCL)နှင့် မြန်မာသံရုံး၊ မနီလာမြို့တို့ ပူးပေါင်းစီစဉ်သည့် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း MAI ၏ ကယ်ဆယ်ရေး အထူးလေယာဉ် (Relief Flight)၊ ခရီးစဉ်အမှတ် (8M 4002) ဖြင့် ယနေ့ ဒေသစံတော်ချိန် ညနေ ၄ နာရီ ၁၅ မိနစ်တွင် မနီလာမြို့၊ NAIA အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ထွက်ခွာခဲ့ကြောင်း သိရသည်။

 

ကယ်ဆယ်ရေးအထူးလေယာဉ်တွင် Carnival Conquest၊ Carnival Dream နှင့် Holland America Cruises တို့မှ မြန်မာသင်္ဘောသား အမှုထမ်း ၁၀၇ ဦး၊ တက္ကသိုလ်အသီးသီးမှ ပညာတော်သင် ကျောင်းသား/ ကျောင်းသူ ကိုးဦးနှင့် အခြားမြန်မာနိုင်ငံသား ခြောက်ဦး၊ စုစုပေါင်း ၁၂၂ ဦး လိုက်ပါလာခဲ့ကြောင်း သိရသည်။

 

အဆိုပါ ကယ်ဆယ်ရေး အထူးလေယာဉ် (Relief Flight) ဖြင့် လိုက်ပါကြသည့် မြန်မာနိုင်ငံသားများ လေဆိပ်တွင် အဆင်ပြေချောမွေ့စေရေးအတွက် မြန်မာသံရုံး၊ မနီလာမြို့မှ မြန်မာသံအမတ်ကြီးနှင့် သံရုံးဝန်ထမ်းများနှင့် ဖိလစ်ပိုင်နိုင်ငံ၊ လူဝင်မှုကြီးကြပ်ရေးဌာနမှ တာဝန်ရှိသူများမှ ကူညီဆောင်ရွက် ပေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသည်။

credit#နိုင်ငံခြားရေးဝန်ကြီးဌာန