ဖိလစ်ပိုင်နိုင်ငံသို့ တိုင်ဖွန်းမုန်တိုင်းတစ်ခု ဦးတည်တိုက်ခတ်

မနီလာ ၁၃ စက်တင်ဘာ

ယနေ့ နံနက်ပိုင်းက စူပါတိုင်ဖွန်းမုန်တိုင်း တစ်ခုသည် ဖိလစ်ပိုင်နိုင်ငံသို့ ဦးတည် တိုက်ခတ်နေပြီး တရုတ်နိုင်ငံဘက်သို့ မရွေ့လျားခင် လေပြင်းမုန်တိုင်းများနှင့် မိုးသည်းထန်စွာ ရွာသွန်းမှုများ ဖြစ်ပေါ်နိုင်ကြောင်း ခန့်မှန်းထားသည်။ လက်ရှိအချိန်တွင် အဆိုပါ တိုင်ဖွန်းမုန်တိုင်း မန်းကွတ် သည် မာရီနာ ကျွန်းဆွယ် မြောက်ပိုင်းတွင် တစ်နာရီလျှင် မိုင် ၁၆၀ နှုန်းဖြင့် ပစိဖိတ် သမုဒ္ဒရာကို ဖြတ်သန်းနေပြီဖြစ်ကြောင်း သိရသည်။

ဖိလစ်ပိုင် အာဏာပိုင်များ၏ ပြောကြားချက်အရ မုန်တိုင်းလမ်းကြောင်းပေါ်တွင် ဖိလစ်ပိုင်နိုင်ငံသား ၁၀ သန်းခန့်ရှိကြောင်း နှင့် လူဦးရေ ထူထပ်တဲ့ တရုတ်ပင်လယ်ကမ်းနေ တရုတ်နိုင်ငံသား  နောက်ထပ် သန်းပေါင်းများစွာ ရှိကြောင်း ပြောပါသည်။ 

မုန်တိုင်းသည် စနေနေ့ အစောပိုင်းတွင် ကုန်းတွင်းပိုင်းသို့ ဝင်ရောက်လာနိုင်ကြောင်း ခန့်မှန်းထားပြီး အဓိက ကုန်းမြေ မြောက်ဖျားပိုင်းရှိ ပင်လယ်ဘက်ခြမ်းမှ ဒေသခံ ထောင်ပေါင်းမျာစွာအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ စတင်နေပြီဖြစ်ကြောင်း သိရသည်။ ဒီရေလှိုင်းလုံးများ ဒဏ်ကျရောက်နိုင်သည့် ကမ်းရိုးတမ်းဒေသများတွင် ကြိုတင် ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်နေပါပြီ။ ဒီထက်မကလည်း လုပ်ဆောင်နေပါတယ် ဟု ဒေသခံ အုပ်ချုပ်ရေးအဖွဲ့  ပြောရေးဆိုခွင့်ရှိသူ Rogelio ကပြောသည်။

ဖိလစ်ပိုင်နိုင်ငံသည် နှစ်စဉ် တိုင်ဖွန်းမုန်တိုင်းနှင့် မုန်တိုင်း ပျမ်းမျှ ၂၀ ကြိမ်မျှ ဝင်ရောက် တိုက်ခတ်ခံရပြီး လူရာပေါင်းများစွာ သေဆုံးစေသည့်အပြင် လူသန်းပေါင်းများစွာကိုလည်း ဆင်းရဲမွဲတေမှု ဖြစ်ပေါ်စေသည်။

၂၀၁၃ ခုနှစ် နိုဝင်ဘာလက တိုက်ခတ်ခဲ့သည့် တိုင်ဖွန်းမုန်တိုင်း ဟိုင်းယန် ကြောင့် လူ ၇၃၅၀ ကျော် သေကျေ ပျောက်ဆုံးခဲ့ရသည်။ မိုးလေဝသအေဂျင်စီ၏ ပြောကြားချက်အရ ယခုမုန်တိုင်း မန်းကွတ် သည် ၂၀၁၈ ခုနှစ်မှာ အပြင်းထန်ဆုံး မုန်တိုင်းတစ်ခု ဖြစ်လာ်နိုင်ကြောင်းနှင့်  တစ်နာရီလျှင် ၁၂၇ မိုင်နှုန်း( ၂၀၅ ကီလိုမီတာ) ရှိကြောင်း သိရသည်။

ဟောင်ကောင်သည်လည်း မန်းကွတ် မုန်တိုင်းလမ်းကြောင်းတွင် ရှိနေပြီး တနင်္ဂနွေနေ့ အထိ ဝင်ရောက် တိုက်ခတ်နိုင်ဖွယ် မရှိသေးသော်လည်း ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။ ဒေသတွင် သတင်းမီဒီယာများနှင့် ရေဒီယို ထုတ်လွှင့်မှုများအရ ဟောင်ကောင် ပြည်သူများသည် အစားအသောက်များနှင့် ထောက်ပံ့ရေး  ပစ္စည်းများကို စုဆောင်းထားပြီဖြစ်ကြောင်း သိရသည်။

မနီလာမြို့ရှိ မြို့ပြကာကွယ်ရေး ရုံး၏ ပြောဆိုချက်အရ မုန်တိုင်းလမ်းကြောင်းပေါ်ရှိ အစိုးရအဆောက်အဦများအား ကယ်ဆယ်ရေးစင်တာများအဖြစ် ပြင်ဆင် ဆောင်ရွက်မှုများ၊ ရိက္ခာ သိုလောင်ထားခြင်း၊ အရေးပေါ်အခြေအနေသုံးများ ပြင်ဆင်ထားခြင်း၊ ကယ်ဆယ်ရေးအဖွဲ့များနှင့် ကယ်ဆယ်ရေးအသုံးဆောင်များပါ ပြင်နေပြီဖြစ်ကြောင်း သိရသည်။

SMZaw (MDN)
Source> AFP