ဖိလစ်ပိုင်နိုင်ငံတွင် တိုင်ဖွန်း မုန်တိုင်းကြောင့် လူ ၆၅ဦး သေဆုံး

၁၇  စက်တင်ဘာ

အင်အား ကောင်းမွန်သော မုန်တိုင်းတစ်ခုကြောင့် လူဇုန်ကျွန်းတွင် လူပေါင်း ၆၅ဦး သေဆုံးခဲ့ကြောင်း ဖိလစ်ပိုင် အာဏာပိုင်များက ပြောကြားသည်။

တိုင်ဖွန်း မုန်တိုင်း မန်ခွတ်ကြောင့် ဘင်းကွက်ပြည်နယ်အပါအဝင် လူဇုန်ကျွန်း မြောက်ပိုင်းတွင် မြေပြိုမှုများ ဖြစ်ပေါ်ခဲ့ရာ လူပေါင်း ၁၆ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။

မုန်တိုင်းကြောင့် အိမ်ပေါင်း ၂၈ဝ၀ခန့် ပျက်စီးခဲ့ပြီး တနင်္ဂနွေနေ့ညက စတင်၍ လူပေါင်း ၁၅၅၀၀၀ မှာ အိုးအိမ်များကို စွန့်ခွာခဲ့ရသည်။

ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးသည် ကာဂါရန်ပြည်နယ်အပါအဝင် မုန်တိုင်းဒဏ် အဆိုးရွားဆုံးခံခဲ့ရသည့် ဒေသများသို့ သွားရောက်ခဲ့သည်။

ဒူတာတေးက ပျက်စီးမှုအတိုင်းအတာကို နားလည် သဘောပေါက်ရန်နှင့် အကူအညီ လိုအပ်နေသည့် ပြည်သူများကို ကူညီပေးရန် ဒေသန္တရ အာဏာပိုင်များသို့ ညွှန်ကြားခဲ့သည်။

အတိဒုက္ခရောက်သူအများစုမှာ တောင်တန်းဒေသများမှ ဖြစ်ကြပြီး မြေပြိုကျမှုများကြောင့် လမ်းများ၊ ဆက်သွယ်ရေးစနစ်များ ပြတ်တောက်ခဲ့ရသည်။ မြေပြိုမှုများကြောင့် ထိုဒေသများသို့ ရဲတပ်ဖွဲ့ဝင်များနှင့် ကယ်ဆယ်ရေးသမားများ သွားရောက်ရန် ခက်ခဲလျက်ရှိသည်။

ကိုးကား- အန်အိတ်ချ်ကေ

ဘာသာပြန်- မေဇော်ထက်