ဖိလစ်ပိုင်သမ္မတ အစ္စရေးကို လက်နက်ဝယ်ထွက်

၂ စက်တင်ဘာ

ဖိလစ်ပိုင်သမ္မတ ဒူတာတေးက အစ္စရေးနဲ့ ဂျော်နိုင်ငံတွေကို စက်တင်ဘာ ၂ရက်နေ့က  ခရီး စတင် ထွက်ခွာပြီဖြစ်ပါတယ်။ ဖိလစ်ပိုင်ဟာ အမေရိကန်ရဲ့ စစ်လက်နက် နဲ့ အထောက်အပံ့ကို နှစ်ရှည် မှီခိုနေရာကနေ တခြားနည်းလမ်းကို ရှာတဲ့သဘောမျိုးဖြစ်ပါတယ်။

လေးရက်ကြာမယ့် အစ္စရေးခရီးစဉ်ဟာ ဖိလစ်ပိုင် ခေါင်းဆောင်တစ်ယောက် အနေနဲ့ နှစ်ပေါင်း ၆၀ အတွင်း ပထမဦးဆုံးခရီးစဉ်ဖြစ်ပါတယ်။  ဖိလစ်ပိုင်နဲ့ အစ္စရေးကြားမှာ သံတမန်ဆက်ဆံရေးရှိသလို Holocaust အတွင်းမှာ ဂျူးတွေကို ဖိလစ်ပိုင်မှာ နေထိုင်ခိုလှုံခွင့် ပေးထားတာမျိုးတော့ ရှိပါတယ်။ 

ဒူတာတေးရဲ့ ခရီးစဉ်မှာ စစ်သားနဲ့ ရဲတွေလည်း လိုက်ပါသွားပြီး အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုနဲ့ ဆွေးနွေးဖို့ရှိသလို အစ္စရေးနိုင်ငံရောက် ဖိလစ်ပိုင်ရွေ့ပြောင်းအလုပ်သမားတွေနဲ့ တွေ့ဆုံဖို့ရှိနေလို့သိရပါတယ်။ 

ဖိလစ်ပိုင်နိုင်ငံဟာ အမေရိကန်ကိုခပ်ခွာခွာနေဖို့အတွက်  တရုတ်၊ ရုရှားနိုင်ငံတွေနဲ့ စီးပွားရေးနဲ့ သံတမန်ရေးကို ပိုပြီး နွေးထွေးတဲ့ဆက်ဆံရေးတွေ လုပ်လာပါတယ်။ 

ဒူတာတေးရဲ့ မူယစ်ဆေးနှိမ်နှင်းတဲ့ပုံစံအပေါ် စိုးရိမ်မကင်းဖြစ်လာတဲ့အတွက် အမေရိကန်နဲ့ ကနေဒါနိုင်ငံတွေက ဖိလစ်ပိုင်ကို စစ်လက်နက်ရောင်းဖို့ တုံ့ဆိုင်းနေတဲ့အချိန်မှာ အစ္စရေးအတွက် ဈေးကွက်လွယ်ကူသွားစေပါတယ်။ 

အစ္စရေးရဲ့ နိုင်ငံရပ်ခြားကို လက်နက်တင်ပို့ရောင်းချတဲ့ ၆၀ ရာခိုင်နှုန်းဟာ အာရှပစိဖိတ်ဒေသဖြစ်တယ်လို့ အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနရဲ့ အချက်လက်တွေအရ သိရပါတယ်။

ဖိလစ်ပိုင်ရဲ့ နိုင်ငံခြားဝင်ငွေဟာ ဖိလစ်ပိုင်ရွှေ့ပြောင်းလုပ်သား ၁၀ သန်းလောက်ရဲ့ နိုင်ငံတွင်းကို ပြန်လည် ဝင်ရောက်လာတဲ့ ငွေအပေါ်မှာလည်း မှီခိုနေရတဲ့အတွက် အစ္စရေးရောက် ဖိလစ်ပိုင်လုပ်သားတွေကို ကာကွယ်ပေးရေး သဘောတူညီချက်ရရှိဖို့ အတွက် မနီလာအနေနဲ့ စိတ်အားထက်သန်နေတာကိုလည်း တွေ့ရပါတယ်။

၂၀၁၇ မှာ ဖိလစ်ပိုင်ဟာ အစ္စရေးကနေ ရေဒါနဲ့ တင့်ကားဖျက်ကိရိယာ အမေရိကန်ဒေါ်လာ ၂၁ သန်း ဖိုး ဝယ်ယူခဲ့တဲ့အတွက် အစ္စရေးအတွက် ဖောက်သည်အသစ်ဖြစ်လာပါတယ်။ 

“ဟစ်တလာက ဂျူး ၃သန်းကို သတ်ခဲ့တဲ့ အခုဖိလစ်ပိုင်မှာ မူးယစ်ဆေးသုံးစွဲသူ ၃ သန်းရှိတဲ့အတွက် သူတို့ကို ပျော်ပျော်ကြီး သတ်မယ်”လို့  ၂၀၁၆ ခုနစ်က ဒူတာတေးပြောခဲ့ဖူးတဲ့ စကားတခွန်းကြောင့် ကမ္ဘာ့ ရှုတ်ချခဲ့ဖူးပါတယ်။ သမိုင်းသုတေသီတွေရဲ့အဆိုရ  Holocaust အချိန်တုန်းက ဂျူး ၆ သန်း အသတ်ခံ ခဲ့ရတယ်လို့ဆိုပါတယ်။  နောက်ပိုင်းမှာတော့ ဒူတာတေးက သူ့ပြောစကားအပေါ် တောင်းပန်းခဲ့ဖူးပါတယ်။ 

ဒူတာတေးဟာ အစ္စရေးကို တနင်္ဂနွေနေ့က ရောက်ရှိပြီး ဗုဒ္ဓဟူးနေ့မှာ အစ္စရေးရဲ့ အိမ်နီးချင်း ဂျော်ဒန်နိုင်ငံကို သွားဖို့ အစီစဉ်ရှိနေပါတယ်။

MDN
ကိုးကား- AFP