ဖလမ်းမြို့နယ် ဘက်စုံစံပြကျေးရွာ တောင်သူများအား ပျိုးပင် ၁၄၀ဝ အခမဲ့ ဖြန့်ဝေပေး

ဖလမ်း ၁၇ ဇွန်

 

စိုက်ပျိုးရေးဦးစီးဌာနသည် ရွှေ့ပြောင်းတောင်ယာစနစ်မှ အမြဲတမ်းတောင်ယာစနစ်သို့ ပြောင်းလဲစိုက်ပျိုးနိုင်ရေး ရည်ရွယ်ချက်ဖြင့် ဖလမ်းမြို့နယ်၊ ဘက်စုံစံပြကျေးရွာဖြစ်သော မန်းခင်းကျေးရွာ တောင်သူများထံ ပျိုးပင်များပေးအပ်ပွဲကို ဇွန် ၁၇ ရက် နံနက်ပိုင်းက အဆိုပါကျေးရွာ ဦးမန်းအွယ် စိုက်ပျိုးရေးခြံ၌ ပြုလုပ်သည်။

 

ပျိုးပင်ပေးအပ်ပွဲတွင် စိုက်ပျိုးရေးဦးစီးဌာန ဖလမ်းခရိုင်ဦးစီးမှူး ဦးမင်းနိုင်က ပျိုးပင်ပေးအပ်ရခြင်း ရည်ရွယ်ချက်များကို ပြောကြားပြီး ပျိုးပင်များအား တောင်သူများထံသို့ ပေးအပ်သည်။

 

ပျိုးပင်များအခမဲ့ပေးအပ်ခြင်းနှင့် ပတ်သက်ပြီး ခရိုင်ဦးစီးမှူးက “သံပုရာပျိုးပင်၊ ကမ္ဗလာပျိုးပင်၊ စပျစ်ပျိုးပင်တွေကို ကျွန်တော်တို့ တောင်သူတွေဆီကို အခမဲ့ဖြန့်ဝေပေးတဲ့ အစီအစဉ်ဖြစ်ပါတယ်။ အဲ့မှာ ဒီဒေသမှာ ရွှေ့ပြောင်းတောင်ယာတွေ အများကြီးပေါ့နော်၊ စိုက်ပျိုးနေတာဖြစ်တဲ့အတွက် ဒီပျိုးပင်တွေ သီးနှံတွေ စိုက်ပျိုးထုတ်လုပ်ခြင်းအားဖြင့် ရွှေ့ပြောင်းတောင်ယာတွေ အတော်အတင့် လျော့နည်းပပျောက်ပြီးတော့ ရေရှည်မှာ အမြဲတမ်း တောင်ယာစိုက်ခင်းတွေ ပေါ်ထွန်းလာဖို့အတွက် ရည်ရွယ်ပြီးတော့ ကျွန်တော်တို့ ပျိုးပင်တွေပေးအပ်ပြီးတော့ စိုက်ပျိုးစေတဲ့ အစီအစဉ်တွေ ဆောင်ရွက်ခြင်းဖြစ်တယ်"လို့ ပြောသည်။

 

မန်းခင်းကျေးရွာ ဒေသခံတောင်သူ ဦးတင်ထွန်းကလည်း “ဒီမှာသံပုရာပျိုးပြီးတော့ အစိုးရကနေ ထောက်ပံ့တာ ကူညီပေးတာ အများကြီးကျေးဇူးတင်တယ်။ တန်ဖိုးရှိအောင်လည်း ကျွန်တော်တို့ကြိုးစားပါ့မယ်။ ဒီမှာ လမ်းပန်းဆက်သွယ်ရေးလည်း မြို့နဲ့နီးတယ်။ ကျွန်တော်တို့ အထောက်အကူပြုလိမ့်မယ်လို့ ယုံကြည်တယ်”ဟု ပြောသည်။

 

ဖလမ်းခရိုင် စိုက်ပျိုးရေးဦးစီးဌာနက ဘက်စုံစံပြ မန်းခင်းကျေးရွာ တောင်သူ(၄၂)ဦးအား သံပုရာပျိုးပင် (၆၀ဝ)၊ ကမ္ဗလာပျိုးပင် (၄၀ဝ)နှင့် စပျစ်ပျိုးပင်(၄၀ဝ)တို့ကို အခမဲ့ ဖြန့်ဝေပေးခြင်းဖြစ်ကြောင်း သိရသည်။

 

ခရိုင် (ပြန်/ဆက်)