ဖလမ်း၌ ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းများ ဖွဲ့စည်းနိုင်ရေး တွေ့ဆုံဆွေးနွေးပွဲနှင့် ကျန်းမာရေးဆိုင်ရာ ဟောပြောပွဲပြုလုပ်

ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းများ ဖွဲ့စည်းနိုင်ရေး ပရဟိတအဖွဲ့များ၊ မြို့မိ မြို့ဖများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက ဖလမ်းမြို့ မြို့နယ်ခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ချင်းပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်က အမှာစကားပြောကြားပြီး ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း (မြန်မာ) ဥက္ကဋ္ဌ ဒေါ်မေယဉ်ထွေးက အသင်းဖြစ်ပေါ်လာပုံနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ၏ အခန်းကဏ္ဍများကို ပြောကြားသည်။ 

 

ထို့နောက် ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း(မြန်မာ) တွဲဘက်အထွေထွေ အတွင်းရေးမှူး ဒေါက်တာပြုံးမိုအိက အသင်း၏ သဘောထားရပ်တည်ချက်၊ ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များကို လည်းကောင်း၊ ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း (မြန်မာ) ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင် ဦးမောင်အေးက အသင်းဝင်ဖြစ်ခြင်း၊ အသင်းဝင်များ၏ တာဝန်နှင့် ရပိုင်ခွင့်များ၊ အသင်းဝင်အဖြစ်မှ နုတ်ထွက်ခြင်း၊ တာဝန်မှရပ်စဲခြင်း၊ အသင်း၏ အသေးစိတ်အချက်အလက်များကို လည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။

 

အခမ်းအနားတွင် မျိုးဆက်ပွားကျန်းမာရေး၊ စီမံကိန်းချပြီး မိသားစုဘဝ ထူထောင်ခြင်းဖြင့် ရင်ခွင်မဲ့ကလေးငယ်များ လျှော့နည်းလာရေး၊ အရေးပေါ် သားဆက်ခြားခြင်း စသည့် အကြောင်းအရာများကို ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း (မြန်မာ)မှ တာဝန်ရှိသူများက ဟောပြောခဲ့ကြသည်။

 

အဆိုပါ အခမ်းအနားသို့ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ သူနာပြုသင်တန်းသူများ၊ ကျောင်းသား/သူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သိရသည်။

 

(မြို့နယ် ပြန်/ဆက်)