ဖူဆယ်လိဂ်ပြိုင်ပွဲ ဒုတိယအကျော့ ဇန်နဝါရီ ၁၁ ရက် စတင်မည်

၂ ဇန်နဝါရီ

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပလျက်ရှိသည့် ၂၀၁၉-၂၀၂၀ ရာသီ ဖူဆယ်လိဂ်ပြိုင်ပွဲ ဒုတိယအကျော့ကို ဇန်နဝါရီ ၁၁ ရက်တွင် စတင်ကျင်းပမည် ဖြစ်သည်။

 

ပထမအကျော့ပွဲစဉ်များမှာ ဒီဇင်ဘာ ၃၁ ရက်က ပြီးဆုံးသွားပြီး တစ်ပတ်ကျော်သာနားကာ ပြန်လည်စတင် ကျင်းပခြင်း ဖြစ်သည်။ ဒုတိယအကျော့ပွဲစဉ်များကို ဇန်နဝါရီ ၁၁ ရက်မှ ဖေဖော်ဝါရီ ၁၅ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အပတ်စဉ် ဗုဒ္ဓဟူးနှင့် စနေနေ့တို့တွင် ကျင်းပမည်ဖြစ်သည်။

 

ဒုတိယအကျော့ပွဲစဉ်များကို ဇန်နဝါရီ ၁၁၊ ၁၅၊ ၁၈၊ ၂၂၊ ၂၅၊ ၂၉ ရက်၊ ဖေဖော်ဝါရီ ၁၊ ၅၊ ၈၊ ၁၁၊ ၁၅ ရက်တို့တွင် အမျိုးသားအားကစားပြိုင်ပွဲရုံ-၂ လှိုင်၌ ဆက်လက်ကျင်းပမည်ဖြစ်သည်။ ပထမအကျော့အပြီးတွင် VUC နှင့် MIU အသင်းတို့က ၃၁ မှတ်စီရထားပြီး ဂိုးကွာခြားချက်ဖြင့် VUC အသင်းက ဆက်လက်ဦးဆောင်ကာ MIU အသင်းက ဒုတိယနေရာတွင် ရပ်တည်နေသည်။

 

ယင်းအသင်းများ၏နောက်တွင် GV အသင်းက ၂၇ မှတ်၊ On Doctor အသင်းက ၂၂ မှတ်၊ Winner အသင်းက ၂၁ မှတ်၊ မြို့မ JY အသင်းက ၁၈ မှတ်၊ MFF ယူ-၁၉ အသင်းက ၁၆ မှတ်၊ Do Do Ko Ko အသင်းက ၁၂ မှတ်၊ Dream Team နှင့် လက်ဝဲသုန္ဒရအသင်းတို့က ခြောက်မှတ်စီ၊ ဖူဆယ်ချစ်သူအသင်းက လေးမှတ်၊ AMM Brothers အသင်းက တစ်မှတ် ရရှိထားသည်။

 

ပထမအကျော့အနေအထားအရ VUC နှင့် MIU နှစ်သင်းသာ ချန်ပီယံဆုကို အပြိုင်လုရဖွယ်ရှိနေပြီး ပထမအကျော့တွင် သရေကျခဲ့သောကြောင့် နောက်ဆုံးပွဲအထိ စောင့်ကြည့်ရမည် ဖြစ်သည်။ ယင်းနှစ်သင်းမှာလည်း နောက်ဆုံးပွဲမှ ယှဉ်ပြိုင်ရမည်ဖြစ်ရာ ချန်ပီယံဆုအတွက် နောက်ဆုံးပွဲပြီးမှ အဖြေထွက်ပေါ်ဖွယ်ရှိနေသည်။

 

သတင်း-ရဲရင့်ရှိုင်း