ဖယ်ခုံမြို့၌ ဒီဇင်ဘာလူထုအားကစားလ (တတိယပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲ

ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့တွင် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလူထုအားကစားလ တတိယပတ် စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့ နံနက် ၅ နာရီခွဲက ကျင်းပခဲ့သည်။
လမ်းလျှောက်ပွဲကို စုရပ်ဖြစ်သည့် မြို့လယ်အဝိုင်းပတ်မှစတင်၍ တောင်ဘက် ( လွိုင်ကော်-အောင်ဘန်း) ပြည်ထောင်စုလမ်းမကြီးအတိုင်း မြို့ဝင်ကြိုဆိုပါ၏အထိ လမ်းလျှောက်ခဲ့ကြပြီး ကိုယ်ကာယလေ့ကျင့်ခန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ စုပေါင်းလမ်းလျှောက်ပွဲတွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ဝန်ထမ်းများ၊ မြို့ပေါ်ရပ်ကွက်များမှ အုပ်ချုပ်ရေး မှူးများနှင့် ဒေသခံပြည်သူလူထုများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသူ ကျောင်းသားများ  စုပေါင်းပါဝင်၍ ဒီဇင်ဘာလူထု လမ်းလျှောက်ပွဲဆင်နွှဲခဲ့ကြပြီး နန်းဟူးရပ်ကွက်နှင့် ဈေးတန်းရပ်ကွက်တို့မှ ကောက်ညှင်းငချိတ်ပေါင်းနှင့် အကြော်တို့ဖြင့် ကြိုဆိုဧည့်ခံခဲ့ကြောင်း သိရသည်။

ကိုထွေး(ဖယ်ခုံ)