ပီရူးနိုင်ငံမှာ ဗိုင်းရပ်စ်ပိုး ထိန်းချုပ်ရန်အတွက် အသွားအလာကန့်သတ်ခဲ့ပေမယ့် ဘာကြောင့် ကူးစက်နှုန်း မြင့်မားနေတာလဲ

၂၈ ဇွန်

 

ပီရူးနိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ်ထိန်းချုပ်ရေးအတွက် လက်တင်အမေရိကန်နိုင်ငံတွေထဲမှာ အစောဆုံး အသွားအလာ ကန့်သတ်သလို နယ်စပ်ဂိတ်တွေ ပိတ်ခဲ့တဲ့နိုင်ငံဖြစ်ပါတယ်။ ဒါပေမယ့် ကမ္ဘာမှာ ရောဂါကူးစက်ခံရသူ သတ္တမမြောက်အများဆုံးနိုင်ငံ ဖြစ်နေတာကို တွေ့ရပါတယ်။

 

ပီရူးနိုင်ငံမှာ မတ် ၁၆ ရက်နေ့ကစပြီး နိုင်ငံသားတွေအား အရေးကြီးပစ္စည်းဝယ်ရန်မှလွဲပြီး နေအိမ်မှာပဲနေရန် အသွားအလာ ကန့်သတ်ပိတ်ဆို့ထားပြီး နယ်စပ်ဂိတ်တွေကို ပိတ်ခဲ့သလို ညမထွက်ရ အမိန့်ပါ ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့် ရောဂါကူးစက်နှုန်းနဲ့ သေဆုံးနှုန်းဟာ မြင့်မားခဲ့ပါတယ်။

 

အသွားလာကန့်သတ်ထားမှုကို ဇွန်လကုန်မှာ ပြီးဆုံးမှာဖြစ်ပေမယ့် ဇူလိုင် ၃၁ ရက်နေ့အထိ ကျန်းမာရေးအရ အရေးပေါ်အခြေအနေ ဆက်လက်ထားရှိမယ်လို့ သိရပါတယ်။ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေကို အသွားအလာ ကန့်သတ်ထားရှိပြီး နယ်စပ်ဂိတ်တွေကိုလည်း ဆက်လက်ပိတ်ထားမယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ ဗိုင်းရပ်စ်ကူးစက်ဦးရေ ကျဆင်းခဲ့ပေမယ့် သေဆုံးနှုန်းက မြင့်မားဆဲဖြစ်ပါတယ်။

 

1

 

အသွားအလာကန့်သတ်ခဲ့ပေမယ့် ပီရူးနိုင်ငံမှာ ဘာကြောင့် ဗိုင်းရပ်စ်ပိုး ကူးစက်ခံရမှု များပြားခဲ့ရသလဲဆိုရင် အချက်လေးချက်က အဓိကဖြစ်နေကြောင်း ဘီဘီစီသတင်းဌာနက ရေးသားထားပါတယ်။

 

(၁) ပီရူးနိုင်ငံမှာ ၄၀ ရာခိုင်နှုန်းသော အိမ်ထောင်စုတွေဟာ ရေခဲသေတ္တာမရှိတဲ့အတွက်ကြောင့် အစားအစာတွေကို သိုမှီးထားရန် အခြေအနေမပေးတဲ့အတွက် ဈေးဝယ်ရန် အပြင်ကို မကြာခဏထွက်ရခြင်း၊

 

(၂) ပီရူးနိုင်ငံလူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းဟာ ပုံမှန်မဟုတ်တဲ့ အလုပ်တွေမှာ လုပ်ကိုင်ရပြီး လုပ်ငန်းခွင်ရဲ့ သဘောသဘာဝအရ တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေရန် မဖြစ်နိုင်ခြင်းနဲ့ အလုပ်သွားရန် အများသုံးယာဉ်တွေ သုံးစွဲရခြင်း၊ လူထူထပ်တဲ့ ဈေးတွေမှာ ကုန်ပစ္စည်းရောင်းချရခြင်း၊

 

(၃) ပီရူးလူဦးရေရဲ့ ၃၈ ရာခိုင်နှုန်းသာ ဘဏ်စနစ်သုံးစွဲသူများ ဖြစ်ပါတယ်။ အလုပ်လက်မဲ့ဖြစ်နေသူတွေကို အစိုးရ ထောက်ပံ့ကြေးပေးရန် အွန်လိုင်းကနေလွှဲပေးရန် မဖြစ်တဲ့အတွက် ဘဏ်တွေမှာ ထောက်ပံ့ငွေ လာရောက်ထုတ်ယူရာတွင် လူတန်းရှည်ကြီးဖြင့် စောင့်ယူရခြင်း၊

 

(၄) နိုင်ငံ့လူဦးရေရဲ့ ၁၁ ဒသမ ၈ ရာခိုင်နှုန်းဟာ ဆင်းရဲတဲ့ အိမ်ထောင်စုတွေဖြစ်တဲ့အတွက် နေအိမ်တွေမှာ လူကျပ်နေခြင်း အဲဒီအတွက် တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေရန် မဖြစ်နိုင်ခြင်း စတဲ့အချက်တွေကြောင့် ပီးရူးနိုင်ငံမှာ ရောဂါပိုးကူးစက်သူ များနေတယ်လို့ ဆိုထားပါတယ်။

 

ပီရူးနိုင်ငံမှာ ပျမ်းမျှအားဖြင့် လူ ၁၀၀၀ ကို ၆ ဦးသာ ရောဂါပိုးစမ်းသပ်ခဲ့ပါတယ်။ ပီရူးနိုင်ငံမှာ ဇွန် ၂၈ ရက် ထုတ်ပြန်ချက်အရ ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူပေါင်း ၂၇၅၉၈၉ ဦးရှိပြီး သေဆုံးသူ ၉၁၃၅ ဦးရှိကြောင်း သိရပါတယ်။

 

MDN