ပိတောက်အတွေး ငုအတွေး

ကောင်းစံရှီ

ဂိမာန်အကူး နွေဦးရာသီရောက်ခဲ့ပြီ။ တန်ခူးလတဲ့။ မြန်မာတို့၏ နှစ်ဟောင်းကုန်ဆုံး နှစ်သစ်အကူးကာလ အချိန်အခါလည်းဖြစ်သည်။ မြူတွေအုံ့ဆိုင်း တိမ်တွေမှိုင်းလျက် ပတ်ဝန်းကျင်၏ မြင်ကွင်းတို့မှာ ဝေဝါးမှုန်မှိုင်းနေတတ်သည်။ သည်အချိန်၊ သည်ကာလ တွင် ရွက်ဟောင်းတွေကြွေ၊ ရွက်သစ်တွေဝေကာ ပတ်ဝန်းကျင်သည် စိမ်းစိုလှပနေသည်။ သစ်ပင်ဝါးပင်များသည် ခွန်အားသစ်များဖြင့် လောကကို အလှဆင်နေပြီ။ ရွှေရောင်ဝါဝင်း ရွှေအဆင်းဖြင့် ရာသီပန်းများဖြစ်သော ပိတောက်ပန်းနှင့်ငုပန်းတို့မှာလည်း အလှချင်းဆိုင် ဂုဏ်ချင်းပြိုင်လျက် ဖူးပွင့်ဝေဆာ ပတ်ဝန်းကျင်ကို အလှဆင်နေကြပြီ။ ရိုးတံစိမ်းစိမ်း ပွင့်ဖတ်ဖြူဖြူ ဝတ်မှုန်ဝါဝါရွှေရောင်ဖြာနေသော ပန်းကံ့ကော်တို့ကလည်း အလှတွင်အယဉ်ဆင့်ပြီး တင့်တယ်ဝင့်ဝါ အလှဖြာလျက်ရှိသည်။ အဝေး တစ်နေရာမှနွေဦးရာသီ၏ တေးသီမပျက် ဥသြငှက်ငယ်၏ တွန်သံကို ကြားနေရသည်။ သဘာဝပတ်ဝန်းကျင်သည် သူ့သဘောကို သူဆောင်ကာ လောကကြီးကို အလှဆင်လျက် ရှိနေသည်။ မည်သည့်လူသား စက်ယန္တရားများမှ ဖန်တီးပေးခြင်း မဟုတ်။ ရာသီစက်ဝန်းနှင့်အတူ အချိန်မှန်လည်ပတ်နေသော ကာလယန္တရားကြီး၏ ဖြစ်စဉ် တစ်ခုသာဖြစ်သည်။

ငုပန်းနှင့်ပိတောက်ပန်းတို့ အပြိုင်ဖူးပွင့်

တန်ခူးလကား ဂိမာန်ရာသီ၏ ဒုတိယလဖြစ်သည်။ နွေဦးရာသီ၏ သင်္ကေတအမှတ်အသားဖြစ်သော ငုပန်းနှင့်ပိတောက်ပန်းတို့ အပြိုင်ဖူးပွင့်မြဲဖြစ် ကြသည်။ အလှချင်းတော့ မတူကြ။ အဝါတော့ အဝါပဲ။ သို့ရာတွင် အဝါချင်းလည်းမတူကြပြန်။ ငုပန်းတို့၏ အဝါမှာ ဖျော့တော့တော့နိုင်လွန်းသည်။ အရောင်အသွေးအားဖြင့်လည်း တောက်ပခြင်းမရှိ။ ထို့အတူ အမွှေးနံ့ကလည်း ပိတောက်ပန်းလောက် စူးရှပြင်းထန်ခြင်းမရှိ။ ပိတောက်ပန်းကတော့ ကြွားကြွား ဝံ့ဝံ့ရှိလှသည်။ အဝါရင့်ရင့်ဖြင့် ပတ်ဝန်းကျင်တွင် တောက်ပနေတတ်သည်။ စူးရှပြင်းထန်သည့် ရနံ့တို့ကလည်း ပတ်ဝန်းကျင်ကို လွှမ်းခြုံသင်းပျံ့နေစေသည်။ ပိတောက်ပန်းနှင့် ငုပန်းတို့မှာ နွေဦးရာသီတွင် ပွင့်တတ်သည့် ပန်းများဖြစ်ပြီး ပန်းချင်းတူညီငြားသော်လည်း လူအများ၏ အလေးထားခံရခြင်းမှာ တူညီခြင်းမရှိ။ လူအများတို့က ပိတောက်ပန်းကို အထွတ်အမြတ်ထား၊ တန်ဖိုးထားကြသည်။ သင်္ကြန် အခါများဆိုလျှင် တစ်နှစ်မှာ တစ်ခါသာပွင့်သောပန်းမို့ ပွင့်ဦးပန်းများကို ဘုရားမှာတင်လှူပူဇော်ကြသည်။ ပိတောက်ပန်းများပွင့်လာသောအခါ သူများတကာ ထက်ဦးအောင် ဆွတ်ခူးပြီး ချစ်သက်လက်ဆောင်အဖြစ် ပေးလေ့ရှိကြသည်။ ချစ်သက်လက်ဆောင်ရသော ပိတောက်ပန်းကို ခေါင်းတွင်ပန်ဆင်ပြီး ဝင့်ကြွားကြသည်။ သည်အချိန်တွင် ငုပန်းခမျာ မျက်နှာငယ်ရရှာသည်။ လူတွေက အလေးထားခြင်း မရှိကြ။ ငုပန်းဆိုတာကို ပန်းဟုပင် ယူဆကြဟန်မရှိ။

အသွင်သဏ္ဌာန်နှင့် အနှစ်သာရ

ပိတောက်ပန်းနှင့်ငုပန်းတို့မှာ တစ်နှစ်မှာတစ်ခါ သာပွင့်သောပန်းများ ဖြစ်ကြသည်။ နှစ်သစ်ချိန်ခါ နွေဦးရာသီကာလတွင် ပွင့်သောပန်းများလည်း ဖြစ်ကြသည်။ နွေဦးရာသီတွင်ပွင့်သောပန်းများဖြစ်ပြီး တစ်နှစ်မှာတစ်ခါသာ ပွင့်သောပန်းများ ဖြစ်ကြပါ လျက် ပိတောက်ပန်းနှင့်ငုပန်းတို့၏ အသွင်သဏ္ဌာန်နှင့် အနှစ်သာရကတော့ တူညီခြင်းမရှိဟု တွေးတော ခံစားဖြစ်မိသည်။
ပိတောက်ပန်းမှာ အဖူးအငုံတွေဖြင့့် ပြည့်နေငြား သူ့အားသူ့အင်ဖြင့် ပွင့်လန်းနိုင်ခြင်းမရှိ။ သင်္ကြန်မိုးလေးတစ်ဖြိုက် နှစ်ဖြိုက်လောက်ပက်ဖျန်းလိုက်မှ ပွင့်အာလာတတ်သည်။ ပိတောက်ပန်းကို ပွင့်နိုးပွင့်နိုးဖြင့် မျှော်ကိုးကြသူတို့ သင်္ကြန်မိုးအရွာကို စောင့်ကြရသည်။ မိုးကလေး တစ်ဖြိုက်နှစ်ဖြိုက် ရွာလိုက်ပြီဆိုတော့မှ ပိတောက်ပန်းတို့က ရဲရဲဝံ့ဝံ့ စွင့်စွင့်ငွားငွားဖြင့် ပွင့်အာလာကြသည်။ စွဲမက်ဖွယ်ရာသော အရောင်အဆင်း ရနံ့များဖြင့် လောကကို အလှဆင်ကြသည်။ ငုပန်းကတော့ ထိုသို့မဟုတ်။ အဖူးကလေးတွေ ဖူးလာမည်။ ပွင့်ချိန်တန်လျှင် ပွင့်လာမည်။ ဘယ်သူ၏ အထောက်အပံ့ကိုမျှ မျှော်ကိုး ခြင်းမရှိ။ ကိုယ့်အင်ကိုယ့်အား စွမ်းပကားဖြင့် ပွင့်အာလာခြင်းဖြစ်သည်။ ဂိမာန်အကူး နှစ်ဦးအစ ဖူးပွင့်လေ့ရှိသော ပန်းနှစ်ခုကိုကြည့်ပြီး နှိုင်းယှဉ်စဉ်းစားမိ ခဲ့ခြင်းဖြစ်သည်။
ပိတောက်ပန်း၏ အသွင်သဏ္ဌာန်မှာလှပသည်။ မြတ်နိုးဖွယ်ရာလည်းဖြစ်သည်။ အရောင်အဆင်း၊ အနံ့အားဖြင့် ပြောစရာမရှိ။ သို့ရာတွင်အနှစ်သာရကိုကြည့်လိုက်တော့ သူများအားကိုးဖြင့် ပွင့်အာလာရသည့်အဖြစ်။ ကိုယ်စွမ်းကိုယ်စ မဲ့လှသည်။ ငုပန်းကတော့ သည်လိုမဟုတ်။ ကိုယ့်အင်ကိုယ့်အားနှင့် ဖူးပွင့်ဝေစည်နေတတ်သည်။ ဖူးချိန်တန်လျှင်ဖူးပြီးပွင့်ချိန်တန်လျှင် ပွင့်အာလာတတ်သည်။ အနှစ်သာရအားဖြင့် ကိုယ်ပိုင်အရည်အချင်းတွေ အပြည့်ရှိသည်။ အသွင်သဏ္ဌာန်အားဖြင့်မူ အားရ ကျေနပ်ဖွယ် မရှိ။ လူအများ၏ နှစ်လိုခြင်းကိုလည်း မခံရ။

ငုပန်းသည် ကိုယ့်အားကိုယ့်အင်၊ ကိုယ်စွမ်းသတ္တိ ဖြင့်ဖူးပွင့်လာသည်ဆိုငြား လောကကို အလှဆင်နိုင် ခြင်းကားမရှိ။ သူ့ကိုယ်ထီးထီးဖြင့် ရပ်တည်နေသော ပန်းဖြစ်သည်။ လူအများ၏ မြတ်နိုးတွယ်တာခြင်းကိုလည်း ရယူနိုင်ခြင်းမရှိ။ ပိတောက်ပန်းကတော့ သည်လိုမဟုတ်။ ကိုယ်ပိုင်အရည်အသွေးတွေ ရှိသည်။ သို့ရာတွင် သူများ အကူအညီဖြင့်သာ ဖူးပွင့်လာနိုင်ခြင်းဖြစ်သည်။ သာမန်အားဖြင့်ကြည့်လျှင် ပိတောက်ပန်းမှာပင် ကိုယ်အရည်အသွေး၊ ကိုယ်စွမ်း ကိုယ်စတွေနည်းလှသည်ဟု ထင်မှတ်စရာရှိသည်။ သို့ရာတွင် သူတစ်ပါးအား မှီခို၍ ဖူးပွင့်လာရသော အခါတွင်ကား ကိုယ်ပိုင်အစွမ်းအစကို အစွမ်းကုန် လှစ်ပြလာတော့သည်။ ရွှေဝါရောင်အဆင်းဖြင့် လောကကို အလှဆင်သည်။ သင်းထုံမွှေးကြိုင်သောပန်းရနံ့ဖြင့် လောကကြီးကို မွှေးရနံ့တို့ဖြင့် သင်းပျံ့စေသည်။ မိမိ၏အသွင်သဏ္ဌာန်ဖြင့် လောကကို အလှဆင်သည်။ လူအများတို့ ကြည်ညိုတန်ဖိုးထားကိုးကွယ်သော ဗုဒ္ဓဘုရားရှင်အား ဆက်ကပ်လှူဒါန်း ပူဇော်ပြီး ကုသိုလ်ကို ရယူစေနိုင်သည်။ ချစ်သူတို့အကြား ပွင့်ဦးပွင့်ဖျား ပိတောက်လက်ဆောင်ပေး၍ ကြည်နူးရွှင်လန်းမှုကို ပေးသည်။ ပိတောက်ပန်းသည် သူတစ်ပါးကိုမှီခို၍ ပွင့်လာရသည်ဆိုငြား၊ ကိုယ်၏အစွမ်းအစကို ယုံကြည်မှုဖြင့် ဝင့်ကြွား တောက်ပနေသည်။ ပိတောက်နှင့် ငုပန်းတို့ယှဉ်လျှင် ငုပန်းမှာအရာမဝင်တော့။

ဥသြငှက်

တစ်ဆက်တည်းမှာပင် အများတကာတို့က ကြင်နာသနားနေကြသော  ဥသြငှက်ငယ်၏ အကြောင်းကိုလည်း တွေးတောဆင်ခြင်ဖြစ်မိပြန်သည်။ ဥသြငှက်တို့မှာ မိမိကိုယ်ပိုင်အသိုက်အမြုံ မရှိကြ။ မိမိ၏ရင်သွေး ဥကိုဥရာတွင်ပင် အရောင် အသွေးတူကျီးကန်းများ၏ အသိုက်သို့ဝင်၍ဥတတ် ကြသည်။ ဥမှအကောင်ပေါက်လာသည့်တိုင် ကြည့်ရှုစောင့်ရှောက်ခြင်း မရှိတတ်ကြ။ တာဝန်ယူခြင်း လည်းမရှိ။ တာဝန်မဲ့လွန်းလှသည်။ အများပြောကြသည့်မိခင်စိတ်ဆိုသည်မှာ ဝေလာဝေး။ ဥသြငှက်တို့ နှင့်လားလားမှ မဆိုင်သလိုပင်။ သို့ရာတွင် ဘဝပေး အခြေအနေကြောင့် ဖြစ်တည်လာရသောဘဝတွင် သူ၏အသံသာသာကလေးဖြင့် လောကကိုအလှ ဆင်နေပြန်သည်။

အားသစ်အင်သစ်များဖြင့် ခရီးဆက်ကြမည်

ဂိမာန်နှင့်အတူ သင်္ကြန်ကျရောက်ခဲ့ပြီ။ ကူးပြောင်းခြင်း အနက်အဓိပ္ပာယ်ကိုဆောင်သော သင်္ကြန်ကာလမှာ ကုန်ဆုံးလွန်မြောက်တော့မည်။ သင်္ကြန်နှင့်အတူ နှစ်ဟောင်းကို စွန့်ပစ်၊ နှစ်သစ်တစ်နှစ်သို့ ကူးပြောင်းရောက်ရှိလာခဲ့ပြီ။ သင်္ကြန်ကာလတွင် နှစ်ဟောင်းအညစ်အကြေးများကို သင်္ကြန်ရေဖြင့် ဆေးကြောခဲ့ကြသည်။ သင်္ကြန်ရေ၏ ထူးကဲသော မင်္ဂလာနိမိတ်ဖြစ်သည့် အေးမြကြည်လင်ခြင်း၊ အညစ်အကြေးများကို ဆေးကြောသန့်စင်စေခြင်း၊ ရေကိုသား၍ အကြားမထင်ဘဲ တစ်ဆက်တစ်စပ် တည်းရှိခြင်း စသည့်အတိတ်နိမိတ်ကို ဆောင်ယူ၍ နှစ်သစ်ကို ကြိုဆိုခဲ့ကြသည်။ တစ်နှစ်တာကာလ အတွင်းလုပ်ခဲ့ ကိုင်ခဲ့သည်များကို ဆင်ခြင်သုံးသပ်ပြီး နှစ်သစ်တွင် စိတ်သစ်၊ အတွေးသစ်များကို မွေးဖွားပြီး အားသစ်အင်သစ်များဖြင့် ခရီးဆက်ကြမည်။
လူ့လောကကို လေ့လာသောအခါ ကိုယ်ပိုင်အစွမ်းအစဖြင့် ဘဝကိုရပ်တည် တည်ဆောက်နိုင်သူ။ ကိုယ်ပိုင်အရည်အသွေးမရှိသော်လည်း သူတစ်ပါးကို မှီခိုကာ သူတစ်ပါး၏ အစွမ်းအစကိုမှီခိုပြီး ဘဝကိုရပ်တည် တည်ဆောက်နေရသူများ စသည်ဖြင့် လူအမျိုးမျိုးကို တွေ့ရနိုင်သည်။ မိမိတို့ကိုယ်တိုင်လည်း ထိုလူစားများထဲတွင်တစ်မျိုးမျိုး၌ ပါဝင်ရှိနေနိုင်သည်။

မိမိတို့ဘဝကို မိမိတို့ဖန်တီး ရပ်တည် တည်ဆောက်ကြရာ၌ မိမိကိုယ်ကိုမိမိ ဆင်ခြင် သုံးသပ်သလို၊ မိမိတို့ပတ်ဝန်းကျင်ရှိ သဘာဝတောတောင်များ ဖြစ်တည်နေသည့်အခြေအနေများကို လေ့လာသုံးသပ်ကာ ဆင်ခြင်စဉ်းစားသုံးသပ်နိုင် ကြမည်။ သည်လိုသုံးသပ်ဆင်ခြင်ရာ၌ ဝေးဝေးလံလံ ကိုကြည့်၍ သုံးသပ်ဆင်ခြင်စရာမလို။ မိမိ၏ အတွင်းသရုပ်ကို ပြန်ကြည့်ပြီး မိမိကိုယ်ကို မိမိ ဝေဖန်သုံးသပ်နိုင်ကြသည်။ထို့အတူ မိမိ၏ ပတ်ဝန်းကျင်၌ ဖြစ်တည်နေသည့် အဖြစ်အပျက်အကြောင်း အရာများကို ကြည့်ရှုဆင်ခြင်၍လည်း ဘဝနှင့် ယှဉ်ကာ သုံးသပ်ဆင်ခြင်နိုင်ကြသည်။ နှစ်ဟောင်း ကိုချန်ရစ်၊နှစ်သစ်တစ်နှစ်သို့ ခရီးဆက်ကြရာတွင် မိမိနှင့် အနီးပတ်ဝန်းကျင်တွင် ဖြစ်ပျက်နေသည့် သြကာသလောကအတွင်း အဖြစ်အပျက်များ၊ အကြောင်းအရာများမှ သင်ခန်းစာရယူနိုင်ကြသည်။ တွေးတောဆင်ခြင်နိုင်ကြသည်။

မိမိတို့ရှေ့ဆက်ရမည့်ခရီးတွင် ပိတောက်ပန်းလို ကိုယ်ပိုင်အစွမ်းအစဖြင့် ပွင့်အာခြင်းမရှိနိုင်သည့်တိုင် ပွင့်အာခွင့်ရလာသောအခါတွင်ကား မိမိ၏ဖုံးကွယ် ထားသောအရည်အသွေးများကို အစွမ်းကုန်လှစ်ပြကာ လောကကိုအလှဆင်ပြီး လူအများကို ပြုံးပျော်မှု ပေးနိုင်သောပိတောက်ပန်းလို လူစားအဖြစ် ရပ်တည် သွားကြမလား။ မိမိ၏ကိုယ်ပိုင်အစွမ်းသတ္တိဖြင့် ဖူးပွင့်လာငြားသော်လည်း လောကနှင့်ပတ်ဝန်းကျင်ကို ထိုက်တန်သည့် အကျိုးပြုနိုင်ခြင်းမရှိ၊ အလှဆင်ခြင်းလည်း မပြုနိုင်။ ငါတကော ကောကာ ငါသာလျှင် ငါဟု တစ်ကိုယ်ထီးထီး ရပ်တည်ဝင့်ဝါနေသောငုပန်းကို စံနမူနာယူကြမလား။ ဥသြငှက်လို ဘဝအနေ အထားအရ ဖြစ်တည်လာရငြားသော်လည်း ဖြစ်တည်လာသည့်ဘဝတွင် တေးချိုချိုသီဆိုရင်း လောကကို မိမိတတ်စွမ်းသမျှ အလှဆင်သူတစ်ဦးအဖြစ် ရှေ့သို့ခရီးဆက်ကြမလား။

နှစ်သစ်ချိန်ခါတွင် မိမိကိုယ်ကို မိမိဝေဖန်စဉ်းစား ဆင်ခြင်ရန် အတွေးတစ်စကို စာရေးသူရရှိခံစား လိုက်ရသည်။ ထိုအတွေးကား ပိတောက်အတွေး၊ ငုအတွေး။  ။