ပိုချက်တီနိုကို ခေါ်ယူရန် မန်ယူနဲ့ရီးယဲလ်မက်ဒရစ် အပြိုင်ကြိုးပမ်းနေ

စပိန်လာလီဂါကလပ် ရီးယဲလ်မက်ဒရစ်အသင်းဟာ ပီအက်စ်ဂျီအသင်း နည်းပြ ပိုချက်တီနိုကို ခေါ်ယူဖို့အတွက် မန်ယူအသင်းနဲ့အပြိုင် ကြိုးပမ်းနေရပြီး နည်းပြပိုချက်တီနိုဟာ ယခုနှစ်ဘောလုံး ရာသီကုန်မှာ ပီအက်စ်ဂျီအသင်းကနေ ထွက်ခွာဖို့ မျှော်လင့်ထားတာလည်း ဖြစ်ပါတယ်။

ထွက်ခွာခွင့်မပြု

ရီးယဲလ်မက်ဒရစ်အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ကာလအတွင်း ကတည်းက ပိုချက်တီနို ကို ခေါ်ယူဖို့ စီစဉ်ခဲ့ပေမယ့် ပီအက်စ်ဂျီအသင်းက အာဂျင်တီးနားနိုင်ငံသား ပိုချက်တီနိုကို အသင်းကနေ ထွက်ခွာခွင့်မပြုခဲ့တဲ့အတွက် မခေါ်ယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ရီးယဲလ်မက်ဒရစ်အသင်းရဲ့ လက်ရှိ အသင်းနည်းပြ အန်စလော့တီဟာ ယခုနှစ် ဘောလုံးရာသီကုန်မှာ ရီးယဲလ်မက်ဒရစ်အသင်းကနေ ထွက်ခွာဖို့ရှိနေတာကြောင့် အသင်းဥက္ကဋ္ဌဖြစ်သူ ဖလော်ရန်တီနိုပီရက်ဇ် က အန်စလော့တီအသင်းကနေ ထွက်ခွာခဲ့ရင် ပိုချက်တီနိုနဲ့ အစားထိုးသွားမယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

မန်ယူအသင်းကလည်း နည်းပြဆိုးရှားကို အသင်းနည်းပြအဖြစ်ကနေ ထုတ်ပယ်ခဲ့ချိန်ကတည်းက အသင်းနည်းပြသစ်အဖြစ် ပိုချက်တီနိုနဲ့ ဇီဒန်းကိုခန့်အပ်ဖို့ စီစဉ်ခဲ့တာဖြစ်ပြီး ပိုချက်တီနိုကိုယ်တိုင် ကလည်း မန်ယူအသင်းနည်းပြဖြစ်လာဖို့ မျှော်လင့်ခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ ပီအက်စ်ဂျီအသင်းက ပိုချက်တီနိုကို အသင်းနည်းပြအဖြစ် ဆက်ထားမယ်ဆိုလို့သာ မန်ယူ အသင်းအနေနဲ့ နည်းပြပိုချက်တီနိုကို ခေါ်ယူနိုင်မယ့်အခွင့်အရေးနဲ့ လွဲခဲ့ရတာဖြစ်ပါတယ်။ လက်ရှိမှာ လည်း မန်ယူအသင်းဟာ ယာယီနည်းပြနဲ့သာ ပြိုင်ပွဲအရပ်ရပ်ကို ယှဉ်ပြိုင်ကစားနေရတာဖြစ်တဲ့ အတွက် အမြဲတမ်းနည်းပြနေရာအတွက် ပိုချက်တီနိုကိုခေါ်ယူဖို့ စီစဉ်နေတာဖြစ်ပါတယ်။ ဒါကြောင့် ပီအက်စ်ဂျီအသင်းနည်းပြ ပိုချက်တီနို ရာသီကုန်မှာ ပြင်သစ်ကလပ်အသင်းကနေ ထွက်ခွာခဲ့မယ်ဆိုရင် ပိုချက်တီနိုကို ခေါ်ယူနိုင်ရေး မန်ယူအသင်းနဲ့ ရီးယဲလ်မက်ဒရစ်အသင်းတို့ အပြိုင်ကြိုးပမ်းရမှာဖြစ်တာ ကြောင့် ဒီနှစ်သင်းထဲက ပိုချက်တီနိုကို ဘယ်အသင်းခေါ်ယူနိုင်မလဲဆိုတာ စောင့်ကြည့်ရဦးမှာလည်း ဖြစ်ပါတယ်။

ငွေကြယ်