ပိုးမီ၏ "ဒါပေမယ့် ချစ်တယ်" တေးသီချင်းကို အွန်လိုင်းမှ တင်ပေးသွားမည်

ကိုလင်း


 

မြန်မာအိုင်ဒေါလ် အဆိုရှင်တစ်ဦးဖြစ်သူ ပိုးမီ၏ အသည်းကွဲသည့် ကုန်ကြမ်းများဖြင့် ရေးသားထားသော "ဒါပေမယ့် ချစ်တယ်" တေးသီချင်းကို အမ်တီဗီ ရိုက်ကူးနေပြီဖြစ်ပြီး ယခု ဖေဖော်ဝါရီလထဲမှာပင် လူမှုကွန်ရက် စာမျက်နှာပေါ်၌ တင်ပေးသွားမည်ဖြစ်ကြောင်း တေးရေး တေးဆို ပိုးမီက ပြောသည်။

 


"ပိုးမီ လက်ရှိရေးထားတဲ့ သီချင်းလေးတစ်ပုဒ်ကို Single Song အနေနဲ့ ထွက်ဖို့ကြိုးစားနေပါတယ်။ ရိုက်ကူးရေးတွေလုပ်ဖို့ရှိတယ်။ ပိုးမီရဲ့ ထုံးစံ အတိုင်း အသည်းကွဲမယ်ပေါ့။ ဒီချစ်သူကို မေ့ပစ်ရတော့မယ်၊ မေ့ဖို့လည်း ကြိုးစားနေပေမယ့် ချစ်နေတုန်းပဲ ဆိုတဲ့ သီချင်းလေးပါ။ အသည်းကွဲနေတဲ့ ပရိသတ်တွေရှိတော့ ဒီသီချင်းက ရင်ထဲထိမယ်ထင်ပါတယ်။ ပိုးမီက လူအထင် ကြီးအောင်တော့ အသည်းက ခဏခဏကွဲတယ်။ အသည်းကွဲတာ ကုန်ကြမ်းလည်းရတယ်။ အသည်းကွဲတဲ့ ကိုယ့်အတွေ့အကြုံရယ်၊ စိတ်ကူးယဉ်ဆန်တာရယ်ကို ပေါင်းစပ်ပြီးတော့ သီချင်းရေးဖြစ်တယ်။ ကိုယ်ပိုင်ခံစားချက်မပါရင် အစစ်အမှန်ဆိုတာ ဖြစ်မလာဘူးလေ။ ရောရတာပေါ့"ဟု သီချင်းအကြောင်းနှင့် ကိုယ်တိုင် သီချင်းရေးသည့် ခံစားချက်များကို ပိုးမီက ပြောပြသည်။

 


"ဒါပေမယ့် ချစ်တယ်" တေးသီချင်း အမ်တီဗွီတွင် ပိုးမီကိုယ်တိုင် ပါဝင်သရုပ်‌ဆောင်ထားပြီး ဇာတ်လမ်းပုံစံ ရိုက်ကူးသွားမည်ဖြစ်ကြောင်းနှင့် သီချင်းထွက်မည့်အတွက် နယ်ရှိုးပွဲများ ဖျော်ဖြေရေးကိုလည်း ခေတ္တနားထား ကြောင်း သိရသည်။