ပြိုင်ပွဲကရရှိခဲ့တဲ့ သင်ခန်းစာတွေကို “အရှုံးမပေးတဲ့ ဝိညာဉ်”မှာ ထည့်သွင်းသီဆိုထားတယ်ဆိုတဲ့ ဘီလီလမင်းအေး

ရန်ကုန် ၂၆ ဖေဖော်ဝါရီ

Myanmar Idol Season 2 ရဲ့ first runner up ဆုရှင် တေးသံရှင် ဘီလီလမင်းအေးရဲ့ ပထမဆုံး တစ်ကိုယ်တော်စီးရီးမိတ်ဆက်ပွဲကို ဖေဖော်ဝါရီ ၂၂ ရက်က ရန်ကုန်မြို့ ဗိုလ်တထောင်ဘုရားလမ်းပေါ်ရှိ Orchid Hotel မှာ ကျင်းပခဲ့ပါတယ်။

 

ပြီးခဲ့တဲ့နှစ် ဧပြီလကတည်းက စတင်ပြင်ဆင်ခဲ့တဲ့ ဒီတေးစီးရီးမှာ ပြိုင်ပွဲကနေ ရရှိခဲ့တဲ့ အခက်အခဲတွေနဲ့ သင်ခန်းစာတွေကို ထည့်သွင်းသီဆိုထားတယ်လို့ ဘီလီလမင်းအေးက ပြောပါတယ်။ “ဒီစီးရီးထဲမှာ ဖူး ပြိုင်ပွဲတုန်းကရရှိခဲ့တဲ့ အတွေ့အကြုံတွေ၊ သင်ခန်းစာတွေ၊ အထူးသဖြင့် ဝေဖန်မှုတွေကို ကြံ့ကြံ့ခံပြီး ရင်ဆိုင်ခဲ့တာတွေကို သီချင်းအနေနဲ့ သီဆိုထားပါတယ်၊ ဒီသီချင်းကို နားဆင်လိုက်တာနဲ့ ခွန်အားတစ်ခုခုတော့ ရသွားလိမ့်မယ်လို့ ဖူး ယုံကြည်ပါတယ်၊ စီးရီးခေါင်းစဉ်ကိုလည်း အဲဒီသဘောနဲ့ ပေးဖြစ်ခဲ့တာပါ”လို့ ဘီလီလမင်းအေးက ပြောပြခဲ့ပါတယ်။

 

သီချင်းစုစုပေါင်း ၁၄ ပုဒ် ပါဝင်တဲ့ ဒီတေးအယ်လ်ဘမ်မှာ တေးရေးတွေအနေနဲ့ ကိုလေးလွင်၊ သုခမိန်လှိုင်၊ ဆောင်းဦးလှိုင်၊ စည်သူလွင်၊ ဟဲလေး၊ ရဲလေး၊ ဝေကြီး၊ MHLနဲ့ Saw Keh Keh တို့ ရေးသား ပေးထားကြကာ Bo Bo Music Production မှ မတ် ၃ ရက်မှာ ဖြန့်ချိပေးသွားမယ်လို့သိရပါတယ်။

 

ဌေးမမ