ပခုက္ကူ-မုံရွာ လမ်းပေါ်ရှိ တိုင်းဒေသကြီးနှစ်ခုကို ဆက်သွယ်ပေးမည့် တောင်ယမားချောင်းတံတားအား တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ တက်ရောက်ဖွင့်လှစ်

ဆားလင်းကြီး   ၂၇  ဇူလိုင်     


စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ် ပခုက္ကူ - မုံရွာ လမ်းမပေါ်ရှိ ၇၆ ဒသမ ၄၆ ကီလိုမီတာနှင့် ၇၆ ဒသမ ၈၄ ကီလိုမီတာအကြားရှိ တောင်ယမားချောင်း တံတားဖွင့်ပွဲကို ဇူလိုင် ၂၇ ရက်နေ့ နံနက် ၉ နာရီက အဆိုပါတံတာ၌ ကျင်းပကြောင်း သိရသည်။


ဖွင့်ပွဲအခမ်းအနားတွင် ရှေဦးစွာ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးသန်းက အဖွင့်အမှာစကား ပြောကြားပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းက လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေးနဲ့ ကုန်စည်များလျှင်မြန်သွက်လက်စွာ ပို့ဆောင်နိုင်ရေးတို့ဟာ အဓိကအခြေခံလိုအပ်ချက်များဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တို့အစိုးရအနေဖြင့် လမ်းကွန်ယက်များချမှတ်ကာ လမ်းသစ်ဖောက်လုပ်ဖြင်း၊ တံတားများတည်ဆောက်ခြင်းနှင့် ရှိပြီးသာ လမ်း-တံတား တွေကို အဆင့်မြှင့်တင်ဆောက်ပေးနေခြင်း ဖြစ်ပါတယ်။ ဒီတံတာဟာလည်း စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့ကို ဆက်သွယ်ပေးသော တံတားဖြစ်၍  ပြည်သူများ အချိန်မရွေး၊ ရာသီမရွေး သွားလာနိုင်ပြီး ကျေးလက်ဒေသနှင့် မြို့ပြ တန်းတူ ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ကြောင်း အမှာစကားပြောကြားသည်။ ယင်းနောက် စစ်ကိုင်းတိုင်းဒေသကြီး၊ လမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးအောင်သီဟက တောင်ယမားချောင်း ဆောက်လုပ်မှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။


" ကျွန်တော်တို့ ဒီတောင်ယမားချောင်းက စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းကို ဆက်သွယ်သွားလာရေး အဓိကကျတဲ့နေရာဖြစ်ပါတယ်။ ဒီတံတားမရှိခင်က စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းကို ဆက်သွယ်သွားလာဖို့က ပွင့်လင်းရာသီမှာ မခက်ခဲပေမဲ့ မိုးရာသီမှာ အလွန်ခက်ခဲရပါတယ်။ ဒီတံတားကြီးအခုလို ဆောက်လုပ်ပေးတော့ လမ်းပန်းဆက်သွယ်ရေးများ ကောင်းမွန်လာပြီး ကျွန်တော်တို့ဒေသမှ ပြည်သူများရဲ့ လူမှုရေး၊ စီပွားရေး၊ ကျန်းမာရေးနဲ့ ပညာရေးများ ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ကြောင်း ဒေသခံပြည်သူများကိုယ်စား ဦးဇောထွန်းက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။


ဆက်လက်၍ တံတားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ရာ စစ်ကိုင်းတိုင်းဒသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးသန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ လမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးအောင်သီဟ၊ ဆားလင်းကြီးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစောမောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး တံတားကမ္ဗည်း ကျောက်တိုင်အား အမွှေးနံ့သာရည်များ ပက်ဖျန်းကြသည်။


အဆိုပါတံတားမှာ ပခုက္ကူ - မုံရွာ လမ်းမပေါ်ရှိ ၇၆ ဒသမ ၄၆ ကီလိုမီတာနှင့် ၇၆ ဒသမ ၈၄ ကီလိုမီတာအကြား တောင်ယမားချောင်းပေါ်မှာရှိပြီး တံတားအရှည် ၂၄၀ပေ၊ အကျယ် ၂၄ ပေရှိပြီး ဘိုးပိုင်အုတ်မြစ်၊ သံကူကွန်ကရစ်ကမ်းကပ်ခုံနှင့် ကိုယ်ထည်၊ အပေါ်ထည်သံကူကွန်ကရစ်ယက်မတို့ဖြင့် တည်ဆောက်ထားသော တံတားအမျိုးအစားဖြစ်ကြောင်း သိရသည်။


သန်းဌေးအောင်(ကနီ)

 

8