ပခုက္ကူ၊ ရေနံချောင်းမြို့နှင့် မင်းလှမြို့တို့တွင်  (၉၉)ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားများ ကျင်းပ

ပခုက္ကူ  ၂၁  နိုဝင်ဘာ

 

(၉၉)ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားနှင့် စာစီစာကုံး၊ ကဗျာနှင့် ပန်းချီ ဆုချီးမြှင့်ပွဲကို ယနေ့ နံနက် ၈ နာရီက ပခုက္ကူမြို့၊ အထက(၁)ကျောင်း၊ အားကစားရုံခန်းမ၌ ကျင်းပ သည်။

 

အခမ်းအနားတွင် ပခုက္ကူခရိုင် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်အံ့မောင်က နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ထံမှ ပေးပို့သော (၉၉)ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာ ကို ဖတ်ကြားခဲ့ပြီး ပခုက္ကူမြို့၊ အ.ထ.က(၂)မှ ကျောင်းသား ကျောင်းသူများက ပြည်မြန်မာ သီချင်းဖြင့် သီဆိုဖျော်ဖြေကြသည်။

 

ထို့နောက် (၉၉)ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံး ပြိုင်ပွဲ၊ အထက်တန်း၊ အလယ်တန်းအဆင့် ကဗျာနှင့် ပန်းချီပြိုင်ပွဲ များတွင် ဆုရရှိသည့် ကျောင်းသား ကျောင်းသူ (၁၉)ဦးအား တာဝန်ရှိသူများက ဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။

 

အခမ်းအနားတွင် ပခုက္ကူခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက (၉၉)ကြိမ်မြောက် အမျိုးသား အောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

ရေနံချောင်းမြို့

 

အလားတူ (၉၉)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားများကို ယနေ့ နံနက် ၉ နာရီက ရေနံချောင်းမြို့ အ.ထ.က(၁)ကျောင်း၌ ပြုလုပ်ခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ ပေးပို့သော (၉၉)ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာကို ဖတ်ကြားခြင်း၊ (၉၉)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ဆုရကျောင်းသား ကျောင်းသူများအား မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင့်လွင်နှင့် တာဝန်ရှိ သူများက ဆုများချီးမြှင့်ခဲ့သည်။

 

မင်းလှမြို့

 

ထို့ပြင် မင်းလှမြို့တွင် (၉၉)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို မင်းလှမြို့ အခြေခံပညာ အထက်တန်းကျောင်းများနှင့် လူစည်ကားရာ ဇေယျာသီရိဈေး၊ ကားဂိတ်တို့တွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

 

(ခရိုင် ပြန်/ဆက်)