ပခုက္ကူစာပေဆုများ ထုတ်ပြန်ကြေညာ တစ်သက်တာစာပေဆုကို စာရေးဆရာမကြီး ဒေါ်ကြွယ်ကြွယ် (မကြွယ်ကြွယ်) ရရှိ

ရန်ကုန်၊ ၁၂ ဇန်နဝါရီ

 

ပခုက္ကူဦးအုံးဖေတည်ထောင်သော ပခုက္ကူစာပေဆုကို နှစ်စဉ်ချီးမြှင့်ပေးလျက်ရှိရာ ၂၀၁၉ ခုနှစ်အတွက် ပခုက္ကူစာပေဆုရရှိသူများ၏ အမည်စာရင်းကို ပခုက္ကူစာပေဆုရန်ပုံငွေ ကြီးကြပ်ရေးကော်မတီက ယနေ့ထုတ်ပြန်ကြေညာရာ တစ်သက်တာစာပေဆုကို စာရေးဆရာမကြီး ဒေါ်ကြွယ်ကြွယ်(မကြွယ်ကြွယ်) က ရရှိသည်။

 

ဝတ္ထုရှည်ဆုတွင် ပထမဆုကို မျှဝေ(ဥက္ကံ)ရေးသားသည့် ဆင်သေပေါ်က ဆိတ်သားရေများ၊ ဒုတိယဆုကို မောင်နေခြည်(ပြည်) ရေးသားသည့် စံပယ်ပန်း၏ အလွမ်းပုံပြင်၊ တတိယဆုကို ကိုရွှေသံ (မြန်မာစာ) ရေးသားသည့် ပဆစ်အိမ် စာမူတို့က လည်းကောင်း၊ ဝတ္ထုတိုပေါင်းချုပ်ဆုတွင် ပထမဆုကို မကျေးဥရေးသားသည့် ဘဝတစ်ဆစ် ကြာတစ်ဆစ်နှင့် အခြားဝတ္ထုတိုများ၊ ဒုတိယဆုကို မောင်မဲတူ (စီမံကိန်း) ရေးသားသည့် မေတ္တာရိပ်မှာအေးရိပ်ခိုနှင့် အခြားဝတ္ထုတိုများ၊ တတိယဆုကို မျှဝေ (ဥက္ကံ) ရေးသားသည့် ရင်မှာစွဲထင်အမှတ်တရကြေးမုံပြင် စာမူတို့ကလည်းကောင်း၊ ကဗျာပေါင်းချုပ်ဆုတွင် ဒုတိယဆုကို မောင်ငြိမ်းရည်(မင်းကင်း) ရေးဖွဲ့သည့် ချင်းတွင်းဒေသ အလှမြေကဗျာများ၊ တတိယဆုကို ဇော်နိုင်မိုး(ဘိုကလေး) ရေးဖွဲ့သည့် ရေယမုန်ရွှေဂုဏ်အပြည့်နှင့် ဧရာဝတီ ကဗျာများ စာမူကလည်းကောင်း၊ ကျမ်းစာပေဆုတွင် ပထမဆုကို သူရဇော်ရေးသားသည့် စာမရီ၊ ဒုတိယဆုကို မောင်ယဉ်လှိုင်း (ပျဉ်းမမြိုင်) ရေးသားသည့် ဗုဒ္ဓပုံရိပ်သရုပ်ဖော် အနုပညာနှင့် မြန်မာ့အနုပညာလက်ရာများ၊ တတိယဆုကို မြန်ဂုဏ်ဆောင် ရေးသားသည့် နဝရတ်ကိုးသွယ်သိမှတ်ဖွယ် စာမူတို့ကလည်းကောင်း၊ သုတေသန စာပေဆုတွင် ဒုတိယဆုကို အောင်ပန်းဝေ(LLB) ရေးသားသည့် မြန်မာ့ရိုးရာစစ်တုရင်ကစားခြင်းပညာ စာမူတို့က လည်းကောင်း အသီးသီးရရှိကြသည်။

 

ထို့ပြင် ပခုက္ကူစာပေဆု ပညာသင်ဆုကို အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)၊ ဒုတိယနှစ် (ဂီတပညာဌာန)မှ မသဇင်သီရိခေတ်က လည်းကောင်း၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)၊ ပထမနှစ် (ပန်းချီပညာဌာန)မှ မသုန္ဒြာစိုးတို့ကလည်းကောင်း ရရှိကြပြီး ၂၀၁၉ ခုနှစ်အတွက် ပခုက္ကူဦးအုံးဖေ စာကြည့်တိုက်စာအုပ်ဆုကို ပါမောက္ခဒေါက်တာ ကိုလေး (မျက်စိအထူးကု ဆရာဝန်ကြီး)ရေးသားသည့် ကိုလေးပြောတဲ့ကိုလေးအကြောင်း စာအုပ်၊ အောင်သမာဓိ ဦးအောင် ရေးသားသည့် စာတစ်လုံး (၁၊၂) စာအုပ်နှင့် ပါမောက္ခ ဒေါက်တာစိုးတင် ရေးသားသည့် အသံမဲ့ကမ္ဘာမှ ကယ်တင်ခြင်း စာအုပ်တို့က ရရှိသည်။

 

ပခုက္ကူစာပေဆု ဆုရရှိသူများသည် စာပေဗိမာန် အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ကျောက်တံတားမြို့နယ် ရန်ကုန်တိုင်းဒေသကြီး၊ စာတည်းမှူးချုပ် ဖုန်းနံပါတ် ၀၁-၃၈၇၇၂၄ နှင့် စီမံရေးရာဌာန ဖုန်းနံပါတ် ၀၁-၃၈၁၄၄၉ သို့ ဆက်သွယ်ကြရန်နှင့် ယခုအခါ ကိုဗစ်-၁၉ ရောဂါထိန်းချုပ် ကာလဖြစ်၍ ပခုက္ကူဦးအုံးဖေ တည်ထောင်သော ပခုက္ကူစာပေဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပမည့် အချိန်၊ နေရာနှင့် နေ့ရက်တို့ကို ထပ်မံကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်