ပခုက္ကူဈေးကွက်သို့ ပြည်တွင်းသရက်သီးများ အများအပြား ဝင်ရောက်လာခြင်းကြောင့် သရက်ချဉ်ဈေးနှုန်းနှင့် သရက်သီးဈေးနှုန်းကျဆင်း

ပခုက္ကူ  ၂၀  မတ်

 

မကွေးတိုင်းဒေသကြီး ပခုက္ကူဈေးကွက်သို့ ပြည်တွင်းသရက်သီးများ အများအပြားဝင် ရောက်လာခြင်းကြောင့် သရက်သီး ဈေးနှုန်းနှင့် သရက်ချဉ်ဈေးနှုန်း ကျဆင်းသွားကြောင်း အချဉ်မျိုးစုံ ရောင်းဝယ်ရေးလုပ်ကိုင်နေသည့် ဒေါ်ကေသီထံမှ သိရသည်။

 

mdn

 

ပြည်တွင်းသရက်သီးများ လှိုင်လှိုင်ပေါ်လာခြင်းကြောင့် ထိုင်းနိုင်ငံထွက် ယိုးဒယားသရက်သီးများပါ ဈေးနှုန်းကျဆင်းလာကာ ထိုင်းနိုင်ငံထွက် ယိုးဒယားသရက်သီး ဝယ်ယူမှုမရှိတော့ဘဲ ပြည်တွင်းထွက် သရက်သီးများ အသုံးများလာကြောင်း သရက်ချဉ် လုပ်ငန်းလုပ်ကိုင်သူများက ပြောသည်။

 

ပခုက္ကူဈေးကွက်သို့ ရန်ကုန်ဒေသထွက် သရက်သီးများဝင်ရောက်လာရာတွင် ပိဿာချိန် ၅၀ ပါ အိတ်တစ်အိတ်လျှင် ကျပ် ၂၃၀ဝ၀ ကျပ်ပေးရပြီး အခြားမြို့များမှ ဝင်ရောက်လာသည့် သရက်သီးတစ်တင်းလျှင် ကျပ် ၇၀ဝ၀ ပေးဝယ်ရပြီး ပေါက်စိတ် ပေါက်ပြန်ရောင်းချိန် တစ်ပိဿာ ၃၀ဝ ကျပ်သာ ဈေးရှိကြောင်း သရက်ချဉ်ပွဲစား ဒေါ်ကေသီက ပြောသည်။

 

ထိုင်းနိုင်ငံထွက် ယိုးဒယားသရက်သီးများသည် အချဉ်ဓာတ်များကာ အရည်အသွေး မကောင်းသော်လည်း တစ်နှစ်ပတ်လုံး ထွက်ရှိခြင်းကြောင့် ဈေးကွက်အသာစီးရကာ ခြောက်ပိဿာအိတ် တစ်အိတ်လျှင် ကျပ် ၈၀ဝ၀ ပေးရကြောင်း၊ ပြည်တွင်းသရက်သီး စပေါ်ချိန်တွင်ပင် ခြောက်ပိဿာ တစ်အိတ် ကျပ် ၄၀ဝ၀ ရှိကာ ပြည်တွင်းသရက်သီး လှိုင်လှိုင်ဝင်လာ ခြင်းကြောင့် ယိုးဒယားသရက်သီးများမသုံးတော့ဘဲ ပြည်တွင်းသရက်သီးများ စတင်အသုံးပြုလာကြောင်း သိရသည်။

 

ထိုင်းနိုင်ငံထွက် သရက်သီးများသည် တစ်နှစ်ပတ်လုံးလှောင်ရန်မသင့်ဘဲ ဒေသတွင်းပေါ်ချိန်မှသာ သရက်ချဉ် စတင်လှောင်ကြကြောင်း သိရသည်။ သရက်ချဉ် တစ်နှစ်ပတ်လုံးလှောင်ခြင်းအား ကျောက်ပန်းတောင်းမြို့တွင် အများအပြားလှောင်ကြပြီး သရက်ချဉ်ပွဲစားများက သရက်သီးလာသမျှ ဝယ်ယူကာ သရက်သီးပေါက်စိပ်သမများငှားကာ စဉ့်အိုးများဖြင့် လှောင်ကြကြောင်း၊ သရက်သီးရှားပါးချိန်တွင် စတင်ထုတ်ရောင်းကြကြောင်း၊ သရက်ချဉ်ရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်နေသည့် ဦးမျိုးမင်းကိုက ရှင်းပြသည်။

 

ကျောက်ပန်းတောင်းမြို့နယ်တွင် သရက်သီးတစ်ပိဿာ ပေါက်စိပ်ပေါက်ခ တစ်ပိဿာ ကျပ် ၆၀ ရှိပြီး တစ်တင်းလျှင် ၂၄ ပိဿာရှိကြောင်း၊ ပခုက္ကူဒေသတွင် သရက်သီးတစ်လုံးပေါက်ခ ၈ ကျပ်ရှိပြီး ယခုအခါ တစ်လုံးပေါက်စိတ်ခ ၅ ကျပ်သာ ရှိတော့ကြောင်း သရက်ချဉ်လုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။

 

ဒေသမျိုးသရက်သီးများ စတင်ဝင်ရောက်လာခြင်းကြောင့် သရက်သီးဈေးနှုန်းများ ကျဆင်းလာကာ သရက်ချဉ်လှောင်သူများ စတင်ဝယ်ယူနေကြပြီဖြစ်ကြောင်း သိရသည်။

 

မောင်မောင်ထိန်(ကျောက်ပန်းတောင်း)