ပခုက္ကူမြို့ အဆင့်မြင့်ကားကြီးကွင်း တည်ဆောက်ရေးလုပ်ငန်း စတင်ရန် ညှိနှိုင်းဆွေးနွေး

ပခုက္ကူ ဇန်နဝါရီ

 

ပခုက္ကူမြို့၊ အဆင့်မြင့်ကားကြီးကွင်းအသစ် တည်ဆောက်ရေးလုပ်ငန်းများ စတင်နိုင်ရန် ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ နာရီက ပခုက္ကူမြို့နယ် စည်ပင်သာယာရေးကော်မတီရုံး၌ ကျင်းပသည်။

 

ရှေးဦးစွာ ပခုက္ကူမြို့ ကားကြီးကွင်းအသစ် တည်ဆောက်ရေးလုပ်ငန်း တင်ဒါအောင်မြင်သည့် Mindhama Construction Co.ltd က အင်ဂျင်နီယာချုပ် ဦးကျော်မင်းစိုးက မြေပြင်ပြင်ဆင်ခြင်းလုပ်ငန်းနှင့် ခြံစည်းရိုးကာရန်ခြင်း လုပ်ငန်းဆောင်ရွက်မည့် အခြေအနေများကို တင်ပြသည်။ ထို့နောက် ပခုက္ကူမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာခင်မောင်သန့်၊ အမှုဆောင်အရာရှိ ဦးအောင်မင်းကြိုင်တို့က မြေနေရာအတည်ပြုခြင်းနှင့် အကြိုအင်ဂျင်နီယာလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို ပြည်လည်ရှင်းလင်း ဆွေးနွေးသည်။

 

ပခုက္ကူမြို့ကားကြီးကွင်းသစ်ကို ပခုက္ကူမြို့၊ မြို့ရှောင်လမ်းနှင့် ရေစကြိုလမ်းဆုံအနီးမြေဧရိယာ ၂၂ ဒသမ ၉၈ ဧက ပေါ်တွင် တည်ဆောက်သွားမည်ဖြစ်ပြီး ၁၀ ဧကပေါ်တွင် အဆင့်မီ နှစ်ထပ်အဆောက်အအုံ ကားဂိတ်များအတွက် တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း၊ ကျန်မြေပေါ်တွင် တင်ဒါအောင်ကုမ္ပဏီက ရှော့ပင်းမော၊ ဟိုတယ်၊ ဈေးဆိုင်များ၊ ဓာတ်ဆီဆိုင်များ ထည့်သွင်းတည်ဆောက်သွားမည်ဖြစ်ကြောင်း Mindhama ကုမ္ပဏီမှ ဒါရိုက်တာ ဦးချိုဦး၏ ပြောကြားချက်အရ သိရသည်။

 

ပခုက္ကူမြို့ကားကြီးကွင်းအသစ်ကို စီမံချက်ကာလတစ်နှစ်ခွဲနှင့် အခြားဖွံ့ဖြိုးရေးဇုန်ကို တစ်နှစ်ခွဲ စုစုပေါင်းစီမံချက်ကာလ သုံးနှစ်လျာထား ဆောင်ရွက်သွားမည်ဖြစ်သည်။ ပခုက္ကူမြို့၊ အမှတ်(၁၅)ရပ်ကွက်၊ မြို့မလမ်းတွင် လက်ရှိအသုံးပြုနေသည့် အဝေးပြေးကားကွင်းတည်ရှိပြီး လူဦးရေတိုးတက်လာမှု၊ ယာဉ်ကြောကြပ်တည်းလာမှု၊ ကုန်တင်ကားကြီးများ မြို့တွင်းသို့ အကန့်အသတ်ဖြင့်သာ ဝင်ရောက်နိုင်မှုတို့ကြောင့် အဆင့်မီ ကားကြီးကွင်းအသစ် အကောင်အထည်ဖော်ရခြင်းဖြစ်ကြောင်း သိရသည်။

 

ပခုက္ကူမြို့သည် ဧရာဝတီတံတား(ပခုက္ကူ) ဖွင့်လှစ်ခဲ့ပြီးနောက်ပိုင်း စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ မန္တလေးတိုင်းဒေသကြီးတို့နှင့် ဆက်သွယ်သွားလာရာတွင် အဓိကဖြတ်သန်းသွားလာရာ မြို့ကြီးဖြစ်လာကြောင်း သိရသည်။

 

ကိုဇော်(ဓာတု)