ပခုက္ကူမြို့၌ စားအုန်းဆီတစ်ပိဿာကို ၃၉၀၀ ကျပ်ဖြင့် ဆက်လက်ရောင်းချ

ပခုက္ကူ အောက်တိုဘာ  ၃

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် ပခုက္ကူခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူပေါင်း၍ ယနေ့ နံနက် ၈ နာရီက မြို့မဈေးအနီး လွတ်လပ်ရေးပန်းခြံ အရှေ့ဘက်နှင့် ယာယီပျံကျဈေးတို့၌ လူတစ်ဦးလျှင် စားအုန်းဆီတစ်ပိဿာကို ၃၉၀၀ ကျပ်ဖြင့် ဆက်လက်ရောင်းချပေးလျက်ရှိသည်။

ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း၌ ဈေးကွက်အတွင်း စားသုံးဆီများပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းတည်ငြိမ် မှန်ကန်စေရေးနှင့် စားသုံးသူများသင့်တင့်မျှတသည့် ဈေးနှုန်းဖြင့် ဝယ်ယူရရှိစေရေးတို့အတွက် စီမံဆောင်ရွက် လျက်ရှိရာ လက်ရှိကာလအတွင်း နိုင်ငံခြားငွေလဲနှုန်းမြင့်တက်မှုအပေါ် စားသုံးဆီဈေးနှုန်းများ အဆမတန် မြင့်တက်မှုမရှိစေရေးအတွက် စားအုန်းဆီတစ်ပိဿာကို ၃၉၀၀ ကျပ်ဖြင့် ရောင်းချခြင်းဖြစ်ကြောင်း ဆီလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

အကျိုးအမြတ် နှစ်ရာခိုင်နှုန်းထက်မပိုဘဲ စားသုံးသူပြည်သူများသို့ ပြန်လည်ရောင်းချပေးနိုင်မည့် လက်လီ/လက်ကား ရောင်းချသူများအနေဖြင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းထံ ဆက်သွယ်ဝယ်ယူနိုင်ကြောင်း သိရသည်။  

ပခုက္ကူမြို့တွင် စားအုန်းဆီတစ်ပိဿာ ပြင်ပပေါက်ဈေး ၅၂၀၀ ကျပ်ရှိကြောင်း သိရသည်။
 
ဟိန်းသူ(ပြန်/ဆက်)