ပခုက္ကူမြို့နယ်ရှိ ကျေးရွာ ၅ ရွာတွင် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းအကြောင်း မိတ်ဆက်ခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်း လုပ်ငန်းများ ဆက်လက်ဆောင်ရွက်

ပခုက္ကူ၊ ၁၇ ဒီဇင်ဘာ

 

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ ကျေးရွာငါးရွာတို့၌ ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းအကြောင်း မိတ်ဆက် ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်း လုပ်ငန်းများကို တာဝန်ရှိသူများက ဒီဇင်ဘာလ ၁၆ရက် နံနက်ပိုင်းမှစတင်၍ ဆောင်ရွက်ကြကြောင်းသိရသည်။

 

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာ ရေးနှစ်တွင် ပခုက္ကူမြို့နယ်အတွင်းရှိ  ပေါင်လောင်ကန်၊ ထိန်ပင်ခုံ၊ ဥယျာဉ်စု၊ နတ်ကျွန်းနှင့်ဆိပ်ကမ်းသာယာကျေးရွာတို့တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP)အကြောင်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းများကို ဒီဇင်ဘာလ ၁၆ ရက် နံနက်ပိုင်းမှစတင်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပိုက်ကို၊ မကွေးတိုင်းဒေသကြီးအမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးဟန်ဇော်ဝင်း၊  ပခုက္ကူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဇာဝင့်နှင့်ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ကြသည်။

 

အဆိုပါစီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များကို ကျေးရွာသူ/ ကျေးရွာသားများကိုယ်တိုင် မဲပေးရွေးချယ်စနစ်ဖြင့် ရွေးချယ်စေပြီး ကျေးရွာတစ်ရွာလျှင် ခွင့်ပြုငွေကျပ်သိန်း(၁၀၀)စီဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယင်းစီမံကိန်းကို ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက်  ကျေးရွာသူ/သားများကိုယ်တိုင် ပါဝင်သုံးသပ်ဆုံးဖြတ်နိုင်စွမ်းရရှိစေရန်၊ ကျေးရွာအခြေအနေနှင့် ကျေးလက်နေပြည်သူများ၏ အမှန်တကယ်လိုအပ်ချက်များကိုသိရှိပြီး ထိရောက်စွာ ဆောင်ရွက်ပေးနိုင်ရေးတို့အတွက် ရည်ရွယ်ကာ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ကျေးရွာရှိအခြေခံအဆောက်အဦး၊ လမ်း၊ တံတားများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးစားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း  ပခုက္ကူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဇာဝင့်က ပြောသည်။

 

ဆလိုင်းကိုကီး(ပြန်/ဆက်)

 

mdn