ပခုက္ကူမြို့နယ်တွင် ၂၀၂၁ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေး

ပခုက္ကူ၊ ၉ ဇွန် 

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တောင်သူများအား ၂၀၂၁ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို ဇွန် ၉ ရက် နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ မြဧရာ(၁) ခန်းမ၌ စတင်ထုတ်ချေးပေးသည်။

ရှေးဦးစွာ ပခုက္ကူခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ ခရိုင်မန်နေဂျာ ဒေါ်သီတာထွန်းက ၂၀၂၁ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးရသည့် ရည်ရွယ်ချက်များနှင့် စိုက်ပျိုးရေးလုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေးအတွက် အမှန်တကယ် အကျိုးရှိစွာ သုံးစွဲကြရန်လိုအပ်ကြောင်း ပြောကြားပြီး ပခုက္ကူမြို့နယ်၊ တင်းဂါတ်ကျေးရွာအုပ်စုအတွင်းမှ ဘဏ်အဖွဲ့ဝင် တောင်သူ(၃၄)ဦးထံ သီးနှံစိုက်ခင်းဧကပေါင်း (၂၃၄)ဧကအတွက်  ချေးငွေပမာဏ ကျပ် ၄၈၉ သိန်း ထုတ်ချေးပေးသည်။

ထို့ပြင် ပခုက္ကူမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၃၂)အုပ်စုမှ ၂၀၂၀ ပြည့်နှစ်၊ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများအတွက် ဧပြီလအထိ မိုးပြေကျေပြီးသည့် ဘဏ်အဖွဲ့ဝင် တောင်သူ ၄၈၀၀ ဦးတို့၏ မိုးရာသီစိုက်ပျိုးမြေဧကများအတွက် စိုက်ပျိုးစရိတ်ချေးငွေပမာဏပေါင်း ကျပ် ၃၅၇၆၇၅၀၀၀၀ ကိုလည်း ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလကုန်အထိ နောက်ဆုံးထား၍  ဆက်လက်ထုတ်ချေးပေးသွားရန် လျာထားကြောင်း သိရသည်။

ဆလိုင်းကိုကီး (ပြန်/ဆက်)