ပလတ်စတစ်အမှိုက်ကင်းစင်သည့် မြို့ရွာဒေသများ ပေါ်ပေါက်လာရေး

၁၃  ဇန်နဝါရီ

ပြီးခဲ့သည့် ဇန်နဝါရီ ၉ ရက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ကချင်ပြည်နယ် ခရီးစဉ်အတွင်း မြစ်ကြီးနားမြို့၌ ဒေသခံပြည်သူများအား တွေ့ဆုံရာတွင် မြို့ခံပြည်သူတစ်ဦးက မြစ်ကြီးနားမြို့တွင် ပလတ်စတစ်အမှိုက်များ စနစ်တကျစွန့်ပစ်အောင် ဆောင်ရွက်ပေးရေး မေးခွန်းတစ်ခု မေးမြန်းခဲ့ရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပလတ်စတစ်အမှိုက်များ စနစ်တကျစွန့်ပစ်ရန်မှာ ပြည်သူများ ပါဝင်ရန်လိုအပ်ပါကြောင်း ဖြေကြားခဲ့သည်။

သဘာဝပတ်ဝန်းကျင် အလှအပများနှင့် ပြည့်စုံသည့် မိမိတို့နိုင်ငံ၌ နေရာတကာတွင် တွေ့ရတတ်သည့် စည်းကမ်းမဲ့ စွန့်ပစ်အမှိုက်များကြောင့် အကျည်းတန်နေရသည်။ ယင်းအခြေအနေကို မလိုလား မနှစ်မြို့သည့် ပြည်သူလူထု အများအပြားရှိသည့်အလျောက် နောက်ဖေးလမ်းကြားမှ အမှိုက်များရှင်းပြီး အပန်းဖြေ နေရာကလေးများအဖြစ် ဖန်တီးပေးသည့်အဖွဲ့အစည်းများ၊ ရေမြောင်းထဲမှ အမှိုက်များဆယ်၊ လမ်းဘေးမှ အမှိုက်များကောက် စသည့်လှုပ်ရှားမှုများ စံနမူနာပြ ပြုလုပ်ပညာပေးနေ ကြသည့် လူငယ်များ၊ အမှိုက်ကင်းစင် စံပြရွာအဖြစ် ဆောင်ရွက်နေကြသည့် ကျေးရွာများ၊ သန့်ရှင်းရေးစံပြမြို့များ စသည်ဖြင့် အမှိုက်ကင်းစင် သန့်ရှင်းလှပရေး တက်တက်ကြွကြွလုပ်ကိုင် နေကြသူများရှိသလို စည်းကမ်းမဲ့စွာ အမှိုက်စွန့်ပစ်မှုများက အင်အားကြီးလှသည်နှင့်အမျှ မြို့ရွာဒေသအများအပြားမှာ အမှိုက်၏ အနိဌာရုံများကို မြင်တွေ့နေကြရခြင်း ဖြစ်သည်။

အထူးသဖြင့် သုံးစွဲမှုများပြားသလောက် အလွယ်တကူ စွန့်ပစ်ကြပြီး နှစ်ပေါင်းများစွာ မဆွေးမြည့် မပျက်စီးနိုင်သည့် ပလတ်စတစ်အမှိုက်များမှာ အချိန်ကာလကြာမြင့်သည်နှင့်အမျှ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကြီးမားသည့် ပြဿနာတစ်ရပ် ဖြစ်လာသည်။ မကြာသေးမီကပင် မိမိတို့ပတ်ဝန်းကျင်နိုင်ငံများ ဖြစ်သည့် ထိုင်းနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့တွင် ပလတ်စတစ် ထုတ်လုပ်သုံးစွဲမှုများကို ထိန်းချုပ်မှုများ ပြုလုပ်လာကြ သည့် သတင်းများကို ဖတ်ရှုလိုက်ရသည်။ ယနေ့ခေတ်၌ လူတို့၏ နေ့စဉ်ဘ၀ လူနေမှုပုံစံများတွင် ပလတ်စတစ်သည် မပါမဖြစ်သည့် ပစ္စည်းတစ်ခုဖြစ်နေခဲ့ပြီဖြစ်သည်။ စားသောက်ကုန်ပစ္စည်း၊ လူသုံးကုန်ပစ္စည်း ထုပ်ပိုးမှုများ၊ ဘူးခွံ၊ အိတ်ခွံ၊ ပုလင်းခွံများ၊ လူ့အသုံးအဆောင်များ၊ ပရိဘောဂများ စသည် တို့အပါအဝင် ပလတ်စတစ်အသုံးပြုထုတ်လုပ်ထားသည့် ပစ္စည်း ပစ္စယ အမျိုးအမည်များစွာတို့ အသုံးမလို၍ ပြန်လည်စွန့်ပစ် သည့်အခါ အချို့ကို ပြန်လည်ထုတ်လုပ်သုံးစွဲမှု ပြုလုပ်သော်လည်း ရာခိုင်နှုန်းအတော်များများမှာ အမှိုက်များအဖြစ် မြေပြင်အနှံ့နှင့် မြစ်ချောင်းများဆီသို့ ရောက်ရှိသွားကြသည်။

ပလတ်စတစ်အမှိုက်များကင်းစင်ရေး ဆောင်ရွက်ရာတွင် ထုတ်လုပ်မှုနှင့် သုံးစွဲမှုတို့ကို ထိန်းချုပ်ရန်နှင့် လျှော့ချသွားရန်၊ အမှိုက်စွန့်ပစ်ရာတွင်လည်း ဆွေးမြည့်နိုင်သောအမှိုက်များနှင့် ပလတ်စတစ်အပါအဝင် ပြန်လည်ထုတ်လုပ်သုံးစွဲနိုင်သော စွန့်ပစ်ပစ္စည်းများ၊ မဆွေးမြည့်နိုင်သော အမှိုက်များကို ခွဲခြား စွန့်ပစ်ကြရန် လိုအပ်သည်။ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများ ကို ပညာပေးခြင်း၊ စည်းကမ်းဖောက်ဖျက်မှုများ ဆက်လက် ကျူးလွန်ပါက ထိထိရောက်ရောက် အရေးယူခြင်း၊ အမှိုက်ကင်းစင်နယ်မြေများ၊ ရပ်ရွာများထူထောင်ခြင်း စသည်တို့ လုပ်ဆောင်ရာတွင် ပြည်သူများက တက်တက်ကြွကြွ ပူးပေါင်းပါဝင်ကြရန် လွန်စွာလိုအပ်သည်။ ပြည်သူလူထု၏ စည်းကမ်းတကျနေထိုင်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ အားကောင်းလာ သည်နှင့်အမျှ အမှိုက်ကင်းစင်သော သန့်ရှင်းလှပသည့် မြို့ရွာ များစွာ ထပ်မံပေါ်ပေါက်လာမည်သာဖြစ်သည်ဟု ယုံကြည်ပါ ကြောင်း။ ။

မြန်မာ့အလင်း