ပလတ်စတစ်ညစ်ညမ်းမှုများ သဘာဝပတ်ဝန်းကျင်မှ ရှင်းလင်းဖယ်ရှား

လူသားတို့ ကျန်းမာအသက်ရှည် နေထိုင်နိုင်ကြဖို့ သန့်ရှင်းသည့် ပတ်ဝန်းကျင်လိုအပ်သည်။ သန့်ရှင်းသည့်လေကို ရှူရှိုက်ရမည်။ သန့်ရှင်းသည့် ရေကိုသောက်သုံးရမည်။ သန့်ရှင်းသည့် အစားအစာကို စားသုံးရမည်။ သန့်ရှင်းသည့် ပတ်ဝန်းကျင်၌ နေထိုင်ရမည်။ သို့မှ ကိုယ်ရောစိတ်ပါ ကျန်းမာနိုင်ကြမည်။ သို့ရာတွင် မျက်မှောက်ကာလ လူသားတို့ ရင်ဆိုင်နေကြရသည်က လူ့ပတ်ဝန်းကျင်နှင့် ကမ္ဘာကြီးတစ်ခုလုံး ညစ်ညမ်းမှုများ ဖုံးလွှမ်းလာနေခြင်းဖြစ်သည်။ အဆိုပါ ညစ်ညမ်းမှုများ အားလုံး၏ လက်သည်တရားခံမှာလည်း လူသားတို့ပင်ဖြစ်သည့်အတွက် ကိုယ်ပြုသည့် ဒဏ်၊ ကိုယ်သာခံစားရခြင်း ဖြစ်သည်ဟူ၍ပင် အပြစ်ဖို့ရတော့မည်။

ကမ္ဘာတွင်ရော မြန်မာတွင်ပါ လတ်တလော ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေသည့် ပြဿနာမှာ ပလတ်စတစ်အမှိုက် ပြဿနာဖြစ်သည်။ အနောက်နိုင်ငံအချို့မှ ကုန်သေတ္တာများဖြင့် ပို့လိုက်သည့် ပလတ်စတစ် အမှိုက်များ အရှေ့တောင်အာရှနိုင်ငံအချို့သို့ ရောက်လာသည့် ပြဿနာ၊ ပင်လယ်ရေနေသတ္တဝါကြီးငယ်တို့ ပလတ်စတစ် စွန့်ပစ်ပစ္စည်း မျိုးစုံကြောင့် သေကျေပျက်စီးကြရသည့် ပြဿနာများကို နိုင်ငံတကာသတင်းများတွင် ဖတ်ရှုခဲ့ရသလို မြန်မာနိုင်ငံတွင်လည်း ဧရာဝတီမြစ်ကဲ့သို့သော နိုင်ငံ့ အသက်သွေးကြောမြစ်ကြီးအတွင်း ပလတ်စတစ် အမှိုက်တန်ချိန် ရာနှင့်ချီ၍ နေ့စဉ် စွန့်ပစ်နေသည့် ပြဿနာ၊ ပလတ်စတစ်အမှုန်အစများ ရေထုအတွင်း ပါဝင်နေမှုသည် အိမ်နီးချင်း နိုင်ငံ၏ ကမ်းရိုးတန်း မှာထက် မြန်မာ့ကမ်းရိုးတန်းတွင် ပိုမိုများပြားနေကြောင်း တွေ့ရှိရသည့် ပြဿနာတို့ကို ပုဂ္ဂလိက အဖွဲ့အစည်းတစ်ခုက လေ့လာဆန်းစစ်တွေ့ရှိသည့် သတင်းတို့ကိုလည်း ဖတ်ရှုခဲ့ရသည်။

လူသားတို့၏ နေ့စဉ်သုံးပစ္စည်းများတွင် ပလတ်စတစ်ပစ္စည်း အမျိုးမျိုးတို့ကို လွယ်လွယ်ထုတ်လုပ်၊ လွယ်လွယ်သုံးစွဲ၊ လွယ်လွယ်စွန့်ပစ်နေခဲ့ကြသည်မှာ ကာလအတန်ကြာပြီဖြစ်သည်။ ပလတ်စတစ် စွန့်ပစ်ပစ္စည်းများသည် ပျက်စီးဆွေးမြည့်ရန် နှစ်ပရိစ္ဆေဒများစွာ ကြာမြင့်နိုင်သည့်အလျောက် ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများတွင် ကြီးမားသည့်ပြဿနာ တစ်ခုဖြစ်နေပြီဖြစ်သည်။ ဗြဟ္မာကြီး ဦးခေါင်းကဲ့သို့ပင် စွန့်ပစ်ရန် ခက်ခဲသည့် ပြဿနာကြီးသော ပစ္စည်းဖြစ်နေပေပြီ။ မြေမှာမြှုပ်လျှင် မြေဩဇာပျက်စီး၍ အပင်များ စိုက်မရနိုင်သော နေရာဖြစ်မည်။ မီးရှို့လျှင် အဆိပ်ငွေ့များထွက်၍ လေထုညစ်ညမ်းပြီး အန္တရာယ်ကြီးသည်။ ရေမှာ မျှောသည့် ပလတ်စတစ်အမှိုက်တို့က ချောင်းများ၊ မြစ်များမှတစ်ဆင့် ပင်လယ် သမုဒ္ဒရာများဆီသို့ စီးဝင်ကာ ရေနေသတ္တဝါတို့ကိုရော လူတို့ကိုပါ ပြန်၍ဒုက္ခပေးသည်။

ပလတ်စတစ်ပစ္စည်းများတွင် ဘန်ဇင်း၊ စတိုင်ရင်း၊ အက်ဆီတုံး၊ ဆာလ်ဖာဒိုင်အောက်ဆိုဒ်၊ နိုက်ထရပ်စ်အောက်ဆိုဒ်၊ အီသိုင်လင်း အောက်ဆိုဒ်၊ အငွေ့ပျံလွယ်သည့် အော်ဂဲနစ်ဒြပ်ပေါင်းများ ပါဝင်ပြီး ၎င်းတို့သည် လူသားတို့အတွက် ကင်ဆာ၊ နှလုံးသွေးကြောနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ၊ ဗဟိုနာဗ်ကြောစနစ်၊ ဉာဏ်ရည်ဖွံ့ဖြိုးမှုနှင့် မျိုးဆက်ပြန့်ပွားမှု တို့ကို ထိခိုက်စေသည့် အဆိပ်ဓာတ်များပင် ဖြစ်သည်ဟု သိရသည်။

အထက်တွင် ဆိုခဲ့ပြီးသည့်အတိုင်း ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှု၊ ညစ်ညမ်းမှုများမှာ လူသားတို့၏ စည်းကမ်းမဲ့မှု၊ ဆင်ခြင်တုံတရားမဲ့မှု တို့ကြောင့်ပင် ဖြစ်သည်။ ပြုပြင်ထိန်းသိမ်းမှု၊ တားဆီး ကာကွယ်ထိန်းချုပ်မှုများကို အချိန်မနှောင်းမီ ပြုလုပ်ကြရန် လူတိုင်းကိုယ်စီက အသိတရားများဖြင့် ပါဝင်ဆောင်ရွက်ကြရန် လိုအပ်နေပြီဖြစ်သည်။ ပတ်ဝန်းကျင် ညစ်ညမ်းမှုများကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်အသွယ်သွယ်က ရှောင်လွှဲ၍ လွတ်ဖို့ခဲယဉ်းသည့်အလျောက် အညစ်အကြေးကင်းစင် သန့်ရှင်းသည့် ပတ်ဝန်းကျင်ကို လူတိုင်းကိုယ်စီ တည်ဆောက်နိုင်ကြ ပါစေကြောင်း။      ။