ပန်ဆိုင်းမြို့နှင့် မုံးကိုးမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ရှမ်းပြည်နယ်အစိုးရအဖွဲ့  ပြည်နယ်ဝန်ကြီးများ ကွင်းဆင်း ဆောင်ရွက်

မုံးကိုး၊  ၁၈ ဒီဇင်ဘာ

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ကချင်တိုင်းရင်းသားရေးရာဝန်ကြီး ဒူဝါဇုတ်ဒေါင်၊ လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဦးခွန်ရဲထွေး၊ သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်၊ လျှပ်စစ်စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးရှဲန်တစ်လုံ၊ စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း၊ ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးကိန်မိုင်နှင့် ဌာနဆိုင်ရာများက ဒီဇင်ဘာ ၁၇ ရက်က မူဆယ်ခရိုင် ပန်ဆိုင်း(ကြူကုတ်)မြို့နှင့် မုံးကိုးမြို့တို့၌ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုကြသည်။

 

mdn

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးများသည် မုံးကိုးမြို့၊ ဖောင်းဆိုင်ကျေးရွာ၌ ဒေသခံ ပြည်သူများနှင့် တွေ့ဆုံ၍ ဒေသခံပြည်သူများက လိုအပ်ချက်များကိုတင်ပြကြရာ ဝန်ကြီးများက လိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်မည့် အခြေနေများကို ဆွေးနွေးသည်။ ဆက်လက်ပြီး မုံးကိုးမြို့၊ မြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ရပ်မိရပ်ဖများ၊ တိုင်းရင်းသား ယာဉ်ကျေးမှု အဖွဲ့များ၊ ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာများနှင့်တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးသည်။

 

ထိုသို့ ဆွေးနွေးရာတွင် “မူဆယ်-မုံးကိုးဖောင်းဆိုင်လမ်း အဆင့်မြှင့်တင်ပေးနိုင်ရေး၊ လျှပ်စစ်မီး သွယ်တန်းပေးနိုင်ရေး၊ မြန်မာ-တရုတ်နယ်စပ်ဂိတ်မှတစ်ဆင့် ဒေသထွက်ကုန်များဖြစ်သည့် ပြောင်းဖူး၊ ပဲ၊ စပါး စသည်တို့ကို တင်ပို့ခွင့်ပြုနိုင်ရေး၊ မုံးကိုးမြို့၊ နယ်စပ်ချောင်းတစ်လျှောက် ရေကာတာ ဆောက်လုပ်ပေးနိုင်ရေး ကိစ္စရပ်များနှင့် လူငယ်များအတွက် ဘောလုံးကွင်းနှင့် ပွဲကြည့်စင် ဆောက်လုပ်ပေးနိုင်ရေးတို့ကို ဒေသခံ ရပ်မိ၊ ရပ်ဖများက တင်ပြဆွေးနွေးကြသည်။

 

ဒေသခံပြည်သူများ၏ တင်ပြချက်များအပေါ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများနှင့် ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တို့က ဖြည်းဆည်းဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို ပြန်လည်ရှင်းလင်းဆွေးနွေးပြီး အခြားလိုအပ်ချက်များကို မှာကြားခဲ့ကြောင်း သိရသည်။

 

သန်းဇော်ဦး(ပြန်/ဆက်)