ပန်းဂေါ်ဖီထုပ်များ အထွက်နှုန်းကောင်း၍ တောင်သူများ ဝင်ငွေတိုး

ကျိုက်မရော   ဇန်နဝါရီ   ၁၄


မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ပန်းဂေါ်ဖီထုပ် ခေါ် ပန်းမုန်လာပင်များကို စီးပွားဖြစ် စိုက်ပျိုးကြသူ တောင်သူများ ယခင်နှစ်ကထက် ပိုများလာပြီး အထွက်နှုန်းလည်း ကောင်းသဖြင့် တောင်သူများ စီးပွားရေးအဆင်ပြေလျက်ရှိကြောင်း သိရသည်။


ပန်းဂေါ်ဖီထုပ်တွင် သက်လျင်မျိုးနှင့် သက်ကြီးမျိုးဟူ၍ နှစ်မျိုးရှိပြီး သက်လျင်မျိုးသည် စိုက်ချိန်မှ ဆွတ်ခူးသည့်အချိန်ထိ ရက်ပေါင်း ၉၀ ကြာကာ အပွင့်အရွက်ငယ်ပြီး ကျစ်ကျစ်လျစ်လျစ်ရှိ၍ နေရာမရွေး ဒေသမရွေး စိုက်ပျိုးနိုင်ကြောင်း သိရသည်။ သက်ကြီးမျိူးသည် စိုက်ချိန်မှ ဆွတ်ခူးချိန်ထိ ၃ လခန့်ကြာပြီး အပွင့်အရွယ်အစားကြီးပြီး ပန်းပွင့်ကို ဖုံးအုပ်ထားလေ့ရှိကြောင်း ကျိုက်မရောမြို့နယ် ပိန်းနဲကုန်းကျေးရွာမှ ပန်းဂေါ်ဖီထုပ် စီးပွားဖြစ်စိုက်ပျိုးရောင်းချသူ ဦးသိန်းသန်းက ပြောပြသည်။
 

ပန်းဂေါ်ဖီသည် မြေကောင်းကြိုက်ပြီး အထူးသဖြင့် သဲနှုန်းမြေတွင် ပိုမိုဖြစ်ထွန်းကာ အအေးကြိုက်သော်လည်း ရိုးရိုးဂေါ်ဖီထုပ်ထက် အပူဒဏ်ခံနိုင်သည့်အတွက် အေးပြီး အစိုဓာတ်ရသည့်မြေတွင် စိုက်ပျိုးပါက ပိုမိုအထွက်ကောင်းကြောင်း ယခုနှစ်တွင် ပန်းဂေါ်ဖီထုပ်စျေးမှာလည်း ကောင်းပြီး တစ်ပွင့်လျှင် ၈၀၀ ကျပ်မှ ၁၀၀၀ ကျပ်ထိ စျေးရကြောင်း၊ နှစ်ရက်ခြား တစ်ခါခူးလျှင် အပွင့် ၄၀၀ မှ ၅၀၀ အထိရသဖြင့် စိုက်ပျိုးသည့်တောင်သူများ ယခုကာလအတွင်း စီးပွားရေးအဆင်ပြေကြကြောင်း ပန်းဂေါ်ဖီစိုက်ပျိုးသူများထံမှ သိရသည်။

 

ချိုမြတ်မြတ်ထွေး(ကျိုက်မရော)