ပင်လယ်ပြင်တွင် ငါးမဖမ်းရ ရာသီကိုပြောင်းလဲရန် နော်ဝေသုတေသနမှ အကြံပြုထား

ရန်ကုန်  ၁၄   မေ

 

မြန်မာ့ပင်လယ်ပြင်တွင် ဇွန်လမှသြဂုတ်လအထိ ငါးမဖမ်းရရာသီအဖြစ် သတ်မှတ်ထားရာ ရေသယံဇာတ ပိုမိုတိုးပွားစေရန် ဖေဖော်ဝါရီမှ ဧပြီလအထိ ပြောင်းလဲသတ်မှတ်နိုင်ရန် မြန်မာ့ပင်လယ်ပြင်တွင် သုတေသနဆန်းစစ်မှု ပြုလုပ်ခဲ့သော နော်ဝေသုတေသန(FAO)မှ အကြံပြုထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

 

“ပင်လယ်ပြင် ငါးမဖမ်းရရာသီ ပုံမှန်ဆိုရင် ဇွန်လကနေ သြဂုတ်လထိ ပိတ်ပါတယ်။ FAO(နော်ဝေသုတေသ)နဲ့ ငါးလုပ်ငန်းဦး စီးဌာနတို့ပူးပေါင်းပြီး သုတေသနစစ်တမ်းအရ ဖေဖော်ဝါရီလ(၁၅)ရက်ကနေ ဧပြီလ(၁၅)ရက်ထိငါးမဖမ်းရ(၃)လ ပြောင်းလဲဖို့ရှိတယ်။ ရေသယံဇာတပိုမို တိုးပွားဖို့နဲ့ ပြောင်းလဲလာတဲ့ ပင်လယ်ပြင်အခြေအနေ အရပြင်ဆင်ခဲ့တာပါ။ မူလသတ်မှတ်ထားတဲ့ (၃)လကို အသုံးပြုလာတာ နှစ်ပေါင်း(၃၀)ကျော်ပါပြီ။ သတ်မှတ်ချက်ကို အတည်ပြုပြီးရင် လာမယ့်နှစ်မှ စတင်အကောင်အထည်ဖော်ဖို့ရှိပါတယ်။”ဟု  ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ တိုင်းဦးစီးမှူး ဒေါက်တာယဉ်ယဉ်မိုးက ပြောသည်။

 

ယခုလတွင် မြန်မာ့ပင်လယ်ပြင်၌ ငါးဖမ်းဆီးလျက်ရှိ၍ ကိုဗစ်-၁၉ ရောဂါကြောင့် ရေထွက်ပစ္စည်းပြည်ပပို့ကုန် ယာယီရပ်တန့်ထားရာ ပြည်တွင်းငါးစားသုံးမှု ဖူလုံစွာ စားသုံးနိုင်လျက်ရှိသည်။ ရန်ကုန်တိုင်းဒေသကြီးတွင် ကမ်းဝေး ငါးဖမ်းကွက်မရှိဘဲ ကမ်းနီးငါးဖမ်းကွက်သာ ခွင့်ပြုထားပြီး ရန်ကုန်အခြေပြု ကမ်းဝေးငါးဖမ်းရေယာဉ်ပေါင်း ၈၆၇ စီး ရန်ကုန်မြို့၌အခြေပြုလျက်ရှိသည်။ မြန်မာ့ပင်လယ်ပြင်တွင် ငါးသယံဇာတမျိုးပွားမှု ပြောင်းလဲလာခြင်းနှင့် ငါးအသေးများသာ ဖမ်းဆီးမှုများလာခြင်းတို့ကို နော်ဝေတက္ကသိုလ် သုတေသနမှ စမ်းသပ်မှုအရ သိရှိခဲ့၍ မြန်မာ့ပင်လယ်ပြင်တွင် ရေသယံဇာတပြန်လည်ဖွံ့ဖြိုးစေရန် မူလငါးမဖမ်းရ သတ်မှတ်ထားသော မူလ(၃)လအစား အခြား(၃)လသို့ပြောင်းလဲရန် ငါးလုပ်ငန်းဦးစီးဌာနသို့ အကြံပြုထားခြင်းဖြစ်သည်။

 

မြန်မာ့ပင်လယ်ပြင်တွင် ငါးအထိအမိနည်းလာမှုကို ၂၀၁၃-ခုနှစ်၊ ၂၀၁၅- ခုနှစ်နှင့် ၂၀၁၈-ခုနှစ်တို့ သုတေသနပြုချက်အရ သိရှိခဲ့ခြင်းဖြစ်ပြီး နိုင်ငံအတွက် ရေထွက်ပစ္စည်း ထုတ်ယူစားသုံးမှုသည် ပြည်တွင်းစားသုံးမှု ဖူလုံရေးကဏ္ဍတွင်အရေးပါသော ကဏ္ဍ၌တည်ရှိနေ၍ ငါးသယံဇာတ ပိုမိုတိုးပွား၍ ထုတ်ယူစားသုံးနိုင်စေရန် ပြည်ပပို့ကုန်အဖြစ် ပိုမိုထုတ်လုပ်နိုင်ရန်၊ ကမ္ဘာ့ရာသီ ဥတုပြောင်းလဲလာမှုကြောင့် ရေသယံဇာတမျိုးပွားမှု ပုံစံပြောင်းလဲလာမှုကို သတိပြုဆောင်ရွက်နိုင်ရန် မြန်မာ့ပင်လယ်ပြင်တွင် ငါးမဖမ်းရသတ်မှတ်ထားသော မူလ(၃)လအား ဖေဖော်ဝါရီလမှ ဧပြီလထိ(၃)လပြောင်းလဲနိုင်ရန် နော်ဝေတက္ကသိုလ် သုတေသနမှ အကြံပြုထားခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

 

သန်းထိုက်