ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာမှု အန္တရာယ်နဲ့ ကြုံတွေ့နေရတဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ဒေသနိုင်ငံများ

၉ မတ်

 

ပင်လယ်ရေမျက်နှာပြင်ဟာ မြင့်တက်လာနေပါတယ်။ အစိမ်းရောင် ဖန်လုံအိမ် ဓာတ်ငွေ့ထုတ်လွှတ်မှု ပြဿနာဟာ ဒီကနေ့ခေတ်မှာ တည်ငြိမ်လာပေမယ့်လည်း ခရစ်သက္ကရာစ် ၂၁၀ဝ ခုနှစ် အလွန်မှာ ပင်လယ်ရေမျက်နှာပြင် ဆက်လက် မြင့်တက်နေအုံးမှာပါ။ လက်ရှိ သိပ္ပံပညာရှင်တွေ မျှော်မှန်းထားချက်အရ အန္တာတိကဒေသတွေမှာ ဒီရာစုနှစ်အတွင်းမှာပဲ ပင်လယ်ရေမျက်နှာပြင် အနည်းဆုံးတစ်မီတာအထိနဲ့ ၂၁၀ဝ ခုနှစ်မှာ သုံးမီတာအထိ  မြင့်တက်လာနိုင်ဖွယ်ရာ ရှိတယ်လို့ သိရပါတယ်။

 

အရှေ့အာရှနဲ့ ပစိဖိတ်ဒေသတွေက သန်းချီတဲ့ ပင်လယ်ကမ်းရိုးတန်းတွေမှာ နေထိုင်တဲ့ သူတွေလည်း ပင်လယ်ရေ မျက်နှာပြင်မြင့်တက်လာမှု အန္တရာယ်အတွက် ပြင်ဆင်ထားသင့်ပါပြီ။ အရှေ့အာရှနဲ့ ပစိဖိတ်ဒေသတွေ အပါအဝင် ကျွန်းနိုင်ငံအားလုံးနဲ့ လူဦးရေထူထပ်သိပ်သည်းတဲ့ နိုင်ငံတွေ၊ စီးပွားရေးနိမ့်ကျတဲ့ ကမ်းရိုးတန်း ဒေသတွေဟာ ပင်လယ်ရေ မြင့်တက်လာနိုင်ခြေရှိတဲ့ ဒေသတွေပါပဲ။

 

ပင်လယ်ရေပြင်နိမ့်ကျတဲ့ ကမ်းရိုးတန်းဒေသတွေနဲ့ ပင်လယ်ရေ ဆက်လက် မြင့်တက်လာနိုင်တဲ့ ဖွံ့ဖြိုးဆဲနိုင်ငံ ၈၄ နိုင်ငံအတွက် ကမ္ဘာ့ဘဏ်ကနေ ဂြိုဟ်တုမြေပုံတွေနဲ့ လူဦးရေးတိုးပွားလာတဲ့ အချက်အလက်တွေကို အသုံးပြုပြီး လေ့လာခွဲခြားမှုတွေ ပြုလုပ်ထားပါတယ်။ အဲဒီလို ပြုလုပ်တဲ့နေရာမှာ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ တရုတ်၊ အင်ဒိုနီးရှား၊ မြောက်ကိုရီးယား၊ တောင်ကိုရီးယား၊ မလေးရှား၊ မြန်မာ၊ ပါပူဝါ နယူးဂီနီ၊ ဖိလစ်ပိုင်၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံစတဲ့ ၁၂ နိုင်ငံဟာ ပင်လယ်ရေ မြင့်တက်လာမှု ကြုံတွေ့လာနိုင်ပြီး အဲဒီဒေသ အတော်များများ အထိနာနိုင်တယ်လို့ လေ့လာမှုတွေမှာ ဖော်ပြနေပါတယ်။

 

ခြုံပြီးကြည့်မယ်ဆိုရင် နိုင်ငံပေါင်း ၁၂ နိုင်ငံရဲ့ ဧရိယာ ခန့်မှန်းခြေ စတုရန်းကီလိုမီတာပေါင်း ၇၄၀ဝဝ ခန့်နေရာတွေမှာ ပင်လယ်ရေ တစ်မီတာ တက်လာနိုင်ခြေရှိပါတယ်။ သုံးမီတာအထိမြင့်တက်လာမယ်ဆိုရင် စတုရန်းကီလိုမီတာပေါင်း ၁၇၈၀ဝဝ ဧရိယာ အထိ ရှိလာမှာဖြစ်ပြီး  မလေးကျွန်းဆွယ်ဒေသထက် ပိုကြီးတဲ့ ပမာဏဖြစ်လာနိုင်ပါတယ်။ တစ်မီတာမြင့်တက်လာရင် ခန့်မှန်းခြေ လူပေါင်း ၃၇ သန်း ထိခိုက်မှာဖြစ်ပြီး နှစ်မီတာဆိုရင် သန်း ၆၀ အထိ ထိခိုက်မှုတိုးလာမှာ ဖြစ်ပါတယ်။ သုံးမီတာဆိုရင် လူဦးရေသန်း ၉၀ အပေါ် သက်ရောက်စေမှာဖြစ်ပြီး အရှေ့အာရှရဲ့ စတုတ္ထမြောက် လူဦးရေအများဆုံးဖြစ်တဲ့ ဗီယက်နမ်နိုင်ငံရဲ့ လူဦးရေနီးပါးခန့် ထိခိုက်ခံစားရမှာဖြစ်ပါတယ်။

 

အရှေ့အာရှနဲ့ ပစိဖိတ်ဒေသတွေက နိုင်ငံတွေအကုန်လုံးတော့ ထိခိုက်မှုတူညီကြမှာမဟုတ်ပါဘူး။ တရုတ်နဲ့ အင်ဒိုနီးရှားနိုင်ငံတို့ကတော့ ရေလွှမ်းမှုဒဏ်အများဆုံးခံရမယ့် နှစ်နိုင်ငံပဲ ဖြစ်ပါတယ်။ ပင်လယ်ရေ တစ်မီတာ တက်လာမယ်ဆိုရင် တရုတ်နိုင်ငံ ကမ်းရိုးတန်းဒေသ စတုရန်း ကီလိုမီတာပေါင်း ၃၂၀ဝဝ ကျော် နဲ့ လူဦးရေ ၂၃ သန်းကျော် အန္တရာယ် ကျရောက်မှာ ဖြစ်ပါတယ်။ သုံးမီတာအထိ မြင့်တက်လာခဲ့မယ် ဆိုရင်တော့ ၇၁၀ဝဝ စတုရန်းကီလိုမီတာနဲ့ လူပေါင်း ၅၂ သန်းအထိ တိုးလာမှာဖြစ်ပါတယ်။

(MDN)
ကိုးကား-World Bank