ပင်မှည့်စိန်တလုံးသရက်သီးများ တောင်တွင်းကြီး ဈေးကွက်၌ပင် ရောင်းမလောက်ဖြစ်နေ

တောင်တွင်းကြီး ၄ မေ

 

တောင်တွင်းကြီးမြိုနယ်မှ ထွက်ရှိသည့် ပင်မှည့်စိန်တလုံးသရက်သီးများသည် ယခုလက်ရှိအချိန်တွင် တောင်တွင်းကြီးဈေးကွက်၌ပင် ရောင်းမလောက်ဖြစ်နေကြောင်း သရက်ခြံလုပ်ငန်းလုပ်ကိုင်သူ တစ်ဦးထံမှ သိရသည်။

 

“သရက်ပင် ၅၀၀ ကျော် စိုက်ထားပါတယ်။ စိန်တလုံးသရက်ကို အဓိကထားစိုက်ထားတာပါ။ အပင်အကြီးအသေးပေါ် မူတည်ပြီးတော့ တစ်ပင်ကို အသီး ၅၀၀ နဲ့ ၁၀၀၀ ကြား သီးပါတယ်။ အလုံး အကြီး၊ အသေးပေါ်မူတည်ပြီး ၅၀၀၊ ၆၀၀၊ ၇၀၀ ရောင်းရပါတယ်။ ကိုဗစ်ဖြစ်နေသော်လည်းပဲ ဈေးနှုန်းအပြောင်းအလဲ မရှိပါဘူး။ ယခင်နှစ်များနည်းတူ ရောင်းနေရပါတယ်။ တစ်နေ့အလုံး ၅၀၀ ၀န်းကျင် ခူးနေရပါတယ်။ ကျွန်တော်တို့ခြံက သရက်သီးကို အစိမ်းခူးစွတ်ပြီး အုပ်တာမဟုတ်ပါဘူး။ တစ်လုံးချင်းမှည့်တဲ့ ပင်မှည့်အသီးကိုပဲ ခူးစွတ်ပြီး ရောင်းတာပါ။ ပင်မှည့်အသီးဖြစ်တာကြောင့်လည်း ရောင်းမလောက်ဖြစ်နေတာပါ။ နေ့စဉ် သရက်သီးခူးဖို့လူကိုလည်း သီးသန့်ခေါ်ထားရပါတယ်”ဟု သရက်ခြံလုပ်ငန်းရှင် ဦးလှစိုးက ပြောသည်။

 

တောင်တွင်းကြီးမြို့နယ်မှ ထွက်ရှိသည့် ပင်မှည့်သရက်သီးများကို ယခင်နှစ်များက တောင်တွင်းကြီးဈေးကွက်အပြင် ရန်ကုန်၊ မော်လမြိုင်၊ ကျိက္ခမီအထိ တင်ပို့ခဲ့ရသော်လည်း အခုလက်တလောတွင် တောင်တွင်းကြီးဈေးကွက်၌ပင် ရောင်းမလောက် ဖြစ်နေကြောင်း သိရသည်။

 

အေးမိုးမိုးမြင့်(ပြန်/ဆက်)