ပွင့်ဖူးမှာ အဝါခြယ်၍မာလာအလယ်မှာ နွှဲချင်တဲ့ နှလုံးရယ်ကြောင့် . .

mdn

နေပြည်တော် ၅ မေ

 

ယခုရက်ပိုင်းတွင် မြန်မာနိုင်ငံ၏ နေရာတော်တော်များများတွင် မိုးရွာချ လိုက်သည်။ အပူဒဏ်ကို ခံနေရသူတို့အဖို့ ရုတ်ချည်းဆိုသလို အေးမြသွားရ ခြင်းအတွက် မိုးကို ကျေးဇူးတင်မိကြ၏။ ဖုန်အလိမ်းလိမ်းနှင့် နေရောင်အောက်တွင် မှုန်ညစ်နေသော ရန်ကုန်မြို့ဝန်းကျင်တစ်ခွင်ရှိ သစ်ပင်ကြီးငယ်များသည်လည်း စိမ်းမြသွားလေသည်။

 

ဘဝအရေး ရုန်းကန်နေကြရရင်း ပူလောင်နေကြရသည့်သူများ၊ လျှပ်စစ်မီး မလုံလောက်မှုကြောင့် ပူပူဆူဆူ ဖြစ်နေကြသူများ၊ အထွေထွေအကျပ်အတည်းများကြားက မပြေမလည်ဖြစ်နေကြသူများပင် မိုးရေစက်များ အောက်တွင် တဒင်္ဂငြိမ်းအေးမှု ရသွားကြလေသည်။

 

ထို့အတူ သင်္ကြန်ကာလကတည်းက လာတော့မည်၊ လာတော့မည်ဟုငံ့လင့်နေကြသော ပိတောက်ပွင့် တို့ကလည်း ထိန်ထိန်ဝါအောင် ပွင့်ကြလေ သည်။ ရာသီဥတုပူလွန်းမက ပူခြင်းကြောင့် မြန်မာတစ်နိုင်ငံလုံးက ပြည်သူတို့ မိုးကိုအမျှော်ကြီး မျှော်နေကြချိန်ဖြစ်သည့်အတွက် မိုးသည်လည်းကောင်း၊ ပိတောက်တို့ သည်လည်းကောင်း ပို၍တန်ဖိုးကြီးမြင့်နေပေသည်။

 

သို့သော်လည်း လောကကြီးက ကြာကြာ ငြိမ်းချမ်းလှပမနေလိုက်ရ။ တန်ဖိုးကြီးနေသည့် ပိတောက်ပွင့်တို့ကို အလုအယက်ခူးကြ၊ အကိုင်းတွေကိုချိုင်ကြ၊ ခုတ်ကြ၊ ချိုးကြဖြင့် များစွာသော ပိတောက်ပွင့်တို့ ပင်ထက်မှာ ကြာကြာ မနေရ။ အကိုင်းအခက်တို့ပါ အဆစ်အနေဖြင့် ပျက်စီးရသည့်အခါ အကျည်းတန်ပုံရိပ်ကို ဖြတ်ခနဲတွေ့ရသလို။

 

တစ်ဖန် ပိတောက်ပင်ကို စိုက်ခဲ့သူများသည်လည်း သူ့အပွင့်ကိုနှစ်ခြိုက်ကြသူများ လိုလားကြသူများစွာကို မြင်ပြီး၊ ချစ်သူကို ရည်စူး ခူးချွေကာ ဆံမြညှာကေမှာ ဆင်ပေးလိုက်ရသူတို့ ပျော်ရွှင်နေကြမည်ကိုတွေးပြီး ကျေနပ်ပီတိဖြစ်နေလေမည်လားဟုလည်း တွေးမိပါသည်။

 

သို့သော်လည်း သဘာဝပတ်ဝန်းကျင်အရေး တစ်ခုလုံးနှင့် ချဲ့ထွင်၍ လည်းကောင်း၊ အခြေအနေအရပ်ရပ်ကို ခြုံငုံ၍လည်းကောင်း စဉ်းစားမိသည့်အခါမူ ဆရာဇော်ဂျီ၏ ပိတောက်ပန်းဖွဲ့ ကဗျာတစ်ပိုင်းတစ်စကို အမှတ်ရမိပါသည်။

 

“မခူးချင်စမ်းပါနဲ့

နှစ်ဆန်း ခါတော်မီမို့

ဇမ္ဗော်ရည် ပြေပြေလိမ်းကာပေါ့

ခပ်သိမ်း နယ်စုံစုံသို့

ပွင့်စုံကို လင့်ကုန်ကြတော့လို့

ခေါင်းကြွကာ ဆာဝေဝေနဲ့

သူလည်းလေ လောကီသားလိုပါ့

ကြွားချင်လှ ပေလိမ့်မယ်...” ဟူ၏။

 

ပိတောက်ပန်းတို့ ပင်ထက်မှာ လှနေသည်ကို မခူးချင်စမ်းပါနဲ့ဟူသည့်ဆရာ့အသံကို ကြားယောင် နေမိသည်။ သဘာဝမှာ အလှတရားရှိသည်။

 

သဘာဝအလှတရားက လောကကိုစိမ်းမြလှပနေစေ၏။ လူ့အဖွဲ့အစည်းက သဘာဝမှာရှိသည့် အလှတရား တို့ကို သဘာဝအတိုင်းထားကာ ခံစားလိုသည့်၊ အလှကို မြတ်နိုးတတ်သည့်စိတ်နှလုံးမျိုးကား ရှိရန် လိုပေမည်ဟူ၍သာ တွေးတောဆင်ခြင်မိပါ သတည်း။

 

မြန်မာ့အလင်း