ပွင့်ဖြူမြို့၌ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေ ရှင်းလင်းဆွေးနွေးပွဲကျင်းပ

ပွင့်ဖြူ   ၁၅   ဇန်နဝါရီ

 

ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေ ရှင်းလင်းဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၃ နာရီက မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ပွင့်ဖြူမြို့နယ် ဥပဒေရုံးမှ မြို့နယ်ဥပဒေအရာရှိ ဒေါ်ခိုင်ဆုမွန်က ကလေးသူငယ်များအား အကြောင်းမဲ့ ညှင်းပန်းနှိပ်စက်ခြင်းများ ပြုလုပ်ပါက အရေးယူနိုင်သည့် ပြစ်မှုပြစ်ဒဏ်များကို ရှင်းလင်းဆွေးနွေးပြီး မကွေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မူမူထွန်းက ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေများနှင့် အနာဂတ် လူ့ဘောင်အဖွဲ့အစည်းတွင် ကလေးများကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး သိရှိလိုက်နာရမည့် ဆောင်ရန်ရှောင်ရန်များကို ရှင်းလင်း ဆွေးနွေးခဲ့သည်။

 

ဆက်လက်၍ မင်းဘူးခရိုင် အမျိုးသမီးရေးရာကော်မတီ အတွင်းရေးမှူး ဒေါ်မမငယ် က ကလေးသူငယ် အခွင့်အရေးနှင့် ပတ်သက်ပြီး ဆုံးရှုံးနစ်နာမှုများ မဖြစ်စေရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးသည်။

 

ထို့နောက် တာဝန်ရှိသူများက မြို့နယ်အတွင်း ကလေးငယ်များအခွင့်အရေး ဆုံးရှုံးနစ်နာမှုများ မဖြစ်စေရေးအတွက် ပါဝင်ဆွေးနွေးကြသူများနှင့် အပြန်အလှန် ညှိနှိုင်းဆွေးနွေးကြပြီး ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရေးဆွဲခြင်းနှင့် ဒေသခံပြည်သူများ၏ သိရှိလိုသည့် မေးမြန်းချက်များကို ရှင်းလင်းဖြေကြားပေးခဲ့သည်။

 

အဆိုပါ ရှင်းလင်းဆွေးနွေးပွဲကို ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေများနှင့် ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန်နှင့် ကလေးသူငယ်များအား အကြောင်းအမျိုးမျိုးဖြင့် ညှင်းပန်းနှိပ်စက်ခြင်းများ ရှောင်ကြဉ်နိုင်ရန်အတွက် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

 

ရဲဝင်းနိုင် (ညောင်ဦး)