ပွင့်ဖြူမြို့နယ် ပေါက်ကုန်းကျေးရွာတွင် မြစိမ်းရောင်(ငါးကဏ္ဍ) ကော်မတီအသစ် ပြန်လည်ရွေးချယ်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန  မကွေးတိုင်းဒေသကြီး  မင်းဘူးခရိုင်  ပွင့်ဖြူမြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနမှ ပွင့်ဖြူမြို့နယ် ပေါက်ကုန်းကျေးရွာတွင် မြစိမ်းရောင် (ငါးကဏ္ဍ) စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်မှု သုံးနှစ်ပြည့်မြောက်ခဲ့၍ ပြန်လည်၍ ကျေးရွာမြစိမ်းရောင် (ငါးကဏ္ဍ) စီမံကိန်း ကော်မတီအသစ် ရွေးချယ်ခြင်း အခမ်းအနားကို ဒီဇင်ဘာ ၉ ရက် နံနက် ၈ နာရီက အဆိုပါ ပေါက်ကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ 

 

ကျေးရွာမြစိမ်းရောင် (ငါးကဏ္ဍ) စီမံကိန်း ကော်မတီအသစ် ပြန်လည်ရွေးချယ်ပွဲ အခမ်းအနားတွင် ပွင့်ဖြူမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးတင့်ဆန်းက ဒေသခံပြည်သူများ မြစိမ်းရောင် (ငါးကဏ္ဍ) စီမံကိန်းချေးငွေဖြင့် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေး အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် စီမံကိန်းလုပ်ငန်းများ ရေရှည်ဆောင်ရွက် လုပ်ကိုင်နိုင်ရေးအတွက် စီမံကိန်းချေးငွေများကို စနစ်တကျ သုံးစွဲသွားရန်နှင့် စီမံကိန်းမှ ရရှိသော အတိုးရငွေများကိုလည်း ကျေးရွာအတွက် လိုအပ်သည့် ဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆောင်ရွက်သွားကြရန် ရှင်းလင်းပြောကြားခဲ့သည်။

 

ထို့နောက် ဆက်လက်၍ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူး ဦးစိုးထွန်း က ကျေးရွာစီမံကိန်း ကော်မတီအသစ် ပြန်လည်ဖွဲ့စည်း ဆောင်ရွက်ရာတွင် လိုက်နာရမည့် စည်းကမ်းချက်များကို ရှင်းလင်းပြောကြားသည်။ 

 

ထို့နောက် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးတင့်ဆန်း၊ ခရိုင်ငါးလုပ်ငန်းဦးစီးမှူး ဦးသိန်းကိုနှင့် တာဝန်ရှိသူများက ပေါက်ကုန်းကျေးရွာတွင် မြစိမ်းရောင်(ငါးကဏ္ဍ) စီမံကိန်းချေးငွေဖြင့် စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရေး ကျေးရွာသူ၊ ကျေးရွာသူများ၏ အများသဘောဆန္ဒဖြင့် မြစိမ်းရောင်(ငါးကဏ္ဍ) စီမံကိန်းကော်မတီများကို အတည်ပြုရွေးချယ် ဖွဲ့စည်းခြင်းများ ဆောင်ရွက်ပေးခဲ့ကြသည်။ 

 

ပွင့်ဖြူမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ပေါက်ကုန်းကျေးရွာရှိ ကျေးလက်နေပြည်သူများ မိသားစုဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်လုပ်ကိုင်နိုင်ရန်နှင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်စေရေးအတွက် ရည်ရွယ်၍ ၂၀၁၅ - ၂၀၁၆ ဘဏ္ဍာနှစ်မှ စတင်ပြီး မြစိမ်းရောင် (ငါးကဏ္ဍ)စီမံကိန်းချေးငွေ သိန်း ၃၀၀ ဖြင့် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း၊ အဆိုပါကျေးရွာတွင် မြစိမ်းရောင်(ငါးကဏ္ဍ)စီမံကိန်းချေးငွေဖြင့် ဆောင်ရွက်လုပ်ကိုင်သည့် အသင်းသား စုစုပေါင်း ၉၀ ရှိပြီး ယခုလက်ရှိတွင် မြစိမ်းရောင်(ငါးကဏ္ဍ)စီမံကိန်းမှ အတိုး/အရင်းရငွေ စုစုပေါင်း ငွေကျပ် ၄၁၆၀၈၀၀၀ ရရှိနေပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ငါးလုပ်ငန်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးထွန်း ထံမှ သိရသည်။  

 

ရဲဝင်းနိုင် (ညောင်ဦး)