ပွင့်ဖြူမြို့နယ် သံကိုင်းကျေးရွာတွင် မုန်းချောင်းကမ်းပြိုမှုအန္တရာယ် ကင်းဝေးစေရေး ရေထိန်းရေကာတာ တည်ဆောက်နေမှု ၃၅ ရာခိုင်နှုန်းခန့် ပြီးစီး

ပွင့်ဖြူ ၅ ဇူလိုင်

 

မကွေးတိုင်းဒေသကြီး သံကိုင်းကျေးရွာနေပြည်သူများ မုန်းချောင်းကမ်းပြိုမှုအန္တရာယ် ကင်းဝေးစေရေးအတွက် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မုန်းချောင်းကမ်းပြိုကာကွယ်ရေး ရေထိန်းရေကာတာလုပ်ငန်းများ အကောင်အထည်ဖော် တည်ဆောက်ပေးလျက်ရှိရာ လက်ရှိတွင် လုပ်ငန်းဆောင်ရွက်ပြီးစီးမှု ၃၅ ရာခိုင်နှုန်းခန့် တည်ဆောက်ပြီးစီးသွားပြီဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ခံအင်ဂျင်နီယာဖြစ်သူ ဦးသူရိန်ထွန်းထံမှ သိရသည်။

 

ပွင့်ဖြူမြို့နယ် သံကိုင်းကျေးရွာ ကမ်းပြိုကာကွယ်ရေး ရေထိန်းရေကာတာ တည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ် ၁၄၀ ဒသမ ဝ၇၈၉ သန်းဖြင့် တိုင်းဒေသကြီးရေ အရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူ၍ မေ ၂၃ ရက်ကစတင်ပြီး ရေထိန်းရေကာတာ တည်ဆောက်ခြင်းလုပ်ငန်း အရှည်ပေ ၄၀ဝ နှစ်တန်းသွား ထန်းလုံးရေကာတာ (၂)ချောင်း တည်ဆောက်ခြင်းလုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ပြီး ယခုအခါ လုပ်ငန်းဆောင်ရွက်ပြီးစီးမှု ၃၅ ရာခိုင်နှုန်းခန့် တည်ဆောက်ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။

 

“ကျွန်တော်တို့ မကွေးတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ယခု ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်မှာ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေ ၁၄၀ ဒသမ ဝ၇၈၉ သန်းနဲ့ ပွင့်ဖြူမြို့နယ် သံကိုင်းကျေးရွာမှာ ဒေသခံပြည်သူတွေ မုန်းချောင်းကမ်းပြိုကျမှုအန္တရာယ် ကင်းဝေးသွားစေဖို့ ကမ်းပြိုကာကွယ်ရေး ရေထိန်းရေကာတာ တည်ဆောက်ပေးလျက်ရှိပါတယ်။ ဆောင်ရွက်နေတဲ့ ရေထိန်းရေကာတာ လုပ်ငန်းပမာဏကတော့ အရှည်ပေ ၄၀ဝ နှစ်တန်းသွား ထန်းလုံးရေကာတာ (၂)ချောင်း တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပေးတာ ဖြစ်ပါတယ်။ ကမ်းပြိုကာကွယ်ရေး ရေထိန်းရေကာတာ တည်ဆောက်ခြင်းလုပ်ငန်းကိုတော့ ကျွန်တော်တို့ တိုင်းဒေသကြီးရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်တာဖြစ်ပြီး ယခုလက်ရှိမှာ ကမ်းပြိုကာကွယ်ရေး ရေထိန်းရေကာတာ တည်ဆောက်ခြင်း လုပ်ငန်းဟာ ၃၅ ရာခိုင်နှုန်းလောက် ပြီးစီးသွားပြီဖြစ်ပါတယ်။ အဆိုပါ  ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ပြီးစီးသွားရင်တော့ ပွင့်ဖြူမြို့နယ် သံကိုင်းကျေးရွာအုပ်စုရှိ အိမ်ထောင်စု ၁၀ဝ၀ ကျော်ခန့်ကို မုန်းချောင်းကမ်းပြိုကျမှုအန္တရာယ် ကင်းဝေးသွားစေမှာ ဖြစ်ပါတယ်” ဟု  မကွေးတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ခံအင်ဂျင်နီယာ ဦးသူရိန်ထွန်းက ပြောသည်။

 

ရဲဝင်းနိုင် (ညောင်ဦး)

 

mdn