ပွင့်ဖြူမြို့နယ် တောင်မုန်းမြောင်းမကြီး ဆည်ရေသောက်ဧရိယာအတွင်း ကျိုးပေါက်သွားသော ရေပေးမြောင်းအား ပြန်လည်ပြုပြင်ဆောင်ရွက်

articles_advs

ပွင့်ဖြူ    ၁၆  စက်တင်ဘာ   

  

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ မဲဇလီရေလွှဲဆည်မှ ဆည်ရေပေးဝေလျက်ရှိသော တောင်မုန်းမြောင်းမကြီး ဆည်ရေသောက် ဧရိယာအတွင်းရှိ ဒေသခံတောင်သူများ စိုက်ပျိုးရေ အဆင်ပြေစွာ ရယူနိုင်ရေးအတွက် ကျိုးပေါက် သွားသော တောင်းမုန်းမြောင်းစုနယ်(၄) ၊ မိုင်းနား (၁) ပေတိုင် ၈၀ဝ၀ နှင့် ၉၀ဝ၀ ကြားရှိ ရေပေးမြောင်းအား စက်တင်ဘာ ၁၅ ရက် ၊ နံနက်ပိုင်းက ပြန်လည်ပြုပြင်ဆောင်ရွက်ပေးခဲ့ကြောင်း ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနရုံးမှ သိရသည်။

 

ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ တောင်သူများ ရာသီအလိုက် သီးနှံများအချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် မဲဇလီရေလွှဲဆည်မှ ဆည်ရေများကို တောင်မုန်းမြောင်းမကြီးနှင့် မြောက်မုန်းမြောင်းမကြီးတို့မှ တစ်ဆင့် စနစ်တကျ ဖြန့်ဝေ ပေးလျက်ရှိပြီး ဆည်ရေများ ဖြန့်ဝေပေးရာတွင် ဆည်ရေ လေလွင့်ဆုံးရှုံးမှု မဖြစ်စေရန်နှင့် ဒေသခံ တောင်သူများ အကျိုးရှိရှိ သုံးစွဲတတ်စေရေးအတွက် ရေအသုံးချသူများအဖွဲ့ကို ကျေးရွာများအလိုက် စနစ်တကျ ဖွဲ့စည်းဆောင်ရွက်ပေးထားကြောင်း သိရသည်။

 

ထိုနေ့ နံနက်ပိုင်းက တောင်မုန်းမြောင်းမကြီး ဆည်ရေသောက်ဧရိယာအတွင်းရှိ တောင်သူများ စိုက်ပျိုးရေနှင့် သီးနှံ အောင်ရေ ဖူလုံစွာသုံးစွဲနိုင်ရေးအတွက် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရဲထွဋ်အောင်၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဒုတိယဦးစီးမှူး ဦးစိန်ဗိုလ်တင့်နှင့် ဆည်ရေလုပ်သားများအဖွဲ့က ပွင့်ဖြူမြို့နယ် လယ်ဖီလာကျေးရွာအနီး တောင်မုန်း မြောင်းစုနယ်(၄) ၊ မိုင်းနား(၁) ပေတိုင် ၈၀ဝ၀ နှင့် ၉၀ဝ၀ ကြားရှိ ကျိုးပေါက်သွားသော ရေပေမြောင်းအား တုတ်တန်းရိုက်ခြင်းနှင့် မြေဖို့ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပြီး ဆည်ရေ အဆင်ပြေစွာ ပေးဝေနိုင်ရေး ပြန်လည်ပြုပြင်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 

 

 ရဲဝင်းနိုင် ( ညောင်ဦး )