ပွင့်ဖြူမြို့နယ်၌ ဧရာဝတီမြစ်ကမ်းပါး ပြိုကျမှုကြောင့် ပြောင်းရွှေ့ရသည့် အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေပေးအပ်

ပွင့်ဖြူ   ၁၇  ဇွန်   

 

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်တွင် ဧရာဝတီမြစ်ကမ်းပါး ပြိုကျမှုကြောင့် ပွင့်ဖြူမြို့နယ် အရှေ့လေးအိမ် ကျေးရွာအုပ်စု ၊ မြင်းခြံစုကျေးရွာ ၊ နန်းတော်ကျွန်းကျေးရွာအုပ်စု၊ ထူးကျေးရွာ ၊ ပေါက်ကုန်းကျေးရွာအုပ်စု ၊ ကျောင်းစုကျေးရွာနှင့် ဇီးကျွန်းကျေးရွာတို့မှ လူနေအိမ် (၄၅) လုံး ဘေးလွတ်ရာသို့ ကြိုတင်ပြောင်းရွှေ့ရမှုအတွက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ လူနေအိမ်ရွှေ့ပြောင်းစရိတ် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့မွန်းလွဲ ၁ နာရီက ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၌ ကျင်းပသည်။ 

 

ထောက်ပံ့ငွေများ ပေးအပ်ရာတွင် ရှေးဦးစွာ ပွင့်ဖြူမြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်းအောင်က ထောက်ပံ့ငွေ ပေးအပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် အချိန်အခါမရွေး ကျရောက်နိုင်သည့် သဘာဝဘေးအန္တရာယ်များကြောင့် ထိခိုက်ဆုံးရှုံးမှုများ ထပ်မံမဖြစ်ပေါ်စေရေးအတွက် ဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို စီစဉ်ဆောင်ရွက်ကြစေလိုကြောင်း ဆွေးနွေးမှာကြားသည်။ 

 

ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်းအောင်နှင့် တာဝန်ရှိသူများက ဧရာတီမြစ်ကမ်းပါး ပြိုကျမှုကြောင့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ရသည့် ပွင့်ဖြူမြို့နယ်အရှေ့လေးအိမ်ကျေးရွာအုပ်စု ၊ မြင်းခြံစုကျေးရွာမှ လူနေအိမ် (၃၂) လုံး ၊ နန်းတော်ကျွန်း ကျေးရွာအုပ်စု ၊ ထူးကျေးရွာမှ လူနေအိမ် (၈) လုံး ၊ ပေါက်ကုန်းကျေးရွာအုပ်စု ၊ ဇီးကျွန်းကျေးရွာမှ  လူနေအိမ် (၁)လုံးနှင့်  ကျောင်းစုကျေးရွာမှ (၄) လုံး ၊ စုစုပေါင်း ဘေးလွတ်ရာသို့ ပြောင်းရွှေ့ရသည့် လူနေအိမ် (၄၅) လုံးအတွက်  တစ်အိမ်လျှင် ပြောင်းရွှေ့စရိတ် ထောက်ပံ့ငွေကျပ် တစ်သိန်းနှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေကျပ် ၄၅၀၀၀၀၀ ၊ ကမ်းပါးပြိုဘေးသင့် အိမ်ထောင်စုလူဦးရေ စုစုပေါင်း ၁၉၂ ဦးအတွက် တစ်ပတ်စာ စားနပ်ရိက္ခာ ဆန်ဖိုးငွေကျပ် ၄၀၃၂၀၀ ၊ စုစုပေါင်း ထောက်ပံ့ငွေကျပ် ၄၉၀၃၂၀၀ အား ကမ်းပြိုဘေးသင့် အိမ်ထောင်စုဝင်များထံ အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။   

 

ရဲဝင်းနိုင် ( ညောင်ဦး )