ပွင့်ဖြူမြို့နယ်၌ မြေအောက်ရေဖြင့် တစ်ပိုင်တစ်နိုင် နှင်းဆီပန်းစိုက်ပျိုးရောင်းချသူများ အောင်မြင်ဖြစ်ထွန်းပြီး လုပ်ငန်းအဆင်ပြေ

ပွင့်ဖြူ ၇ ဇွန်

 

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် မြေအောက်ရေဖြင့် တစ်ပိုင်တစ်နိုင် နှင်းဆီပန်းစိုက်ပျိုးရောင်းချသူများ အောင်မြင်ဖြစ်ထွန်းပြီး လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် သမန်းရင်းကျေးရွာမှ ဒေသခံတောင်သူများထံမှ သိရသည်။

 

မြေအောက်ရေဖြင့် တစ်ပိုင်တစ်နိုင် နှင်းဆီပန်းများ စိုက်ပျိုးရာတွင် ရေမွှေးနှင်းဆီ၊ စက္ကူဖြူ၊ မော်ဒယ်စိမ်း၊ အဝါရောင်၊ ဆူးမဲ့နီညို၊ ပန်းဆီရောင်၊ ဘရာပိုး စသည့် အရောင်မျိုးစုံ နှင်းဆီပန်းများကို စိုက်ပျိုးကြကြောင်း သိရကာ ရောင်းချရာတွင်လည်း တစ်ဆင့်ပြန်လည်ရောင်းချလိုသော လက်ကားဈေးသည်များက ခြံအရောက် လာရောက်ဝယ်ယူကြသဖြင့် နှင်းဆီပန်းစိုက်ပျိုးတောင်သူများ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။

 

“မြေအောက်ရေနဲ့ တစ်ပိုင်တစ်နိုင် နှင်းဆီပန်းစိုက်ပျိုးတဲ့လုပ်ငန်းက အရမ်းကိုအဆင်ပြေပါတယ်။ နှင်းဆီပန်း စိုက်ပျိုးတဲ့လုပ်ငန်းက အခြားသော သီးနှံတွေထက် ပြုစုရတာလည်း သက်သာပါတယ်။ နှင်းဆီပန်းက နွေရာသီနဲ့ မိုးရာသီမှာ ပန်းအထွက်နှုန်းကောင်းတာကြောင့် ပန်းတစ်ခက်ကို ၂၅ ကျပ်၊ ၃၀ ကျပ်လောက်ပဲ ရောင်းရပါတယ်။ ဆောင်းရာသီမှာတော့ ပန်းအထွက်နှုန်း နည်းတဲ့အတွက် ပန်းတစ်ခက်ကို ငွေကျပ် ၄၀ လောက်အထိ ရောင်းချရပါတယ်။ တစ်ရက်ပျမ်းမျှ ငွေကျပ် ငါးသောင်းမှ ခြောက်သောင်း ဖိုးလောက်အထိ ရောင်းရပါတယ်။ ရောင်းချရာမှာလည်း ကိုယ်တိုင်သွားပြီး ရောင်းစရာမလိုပါဘူး။ လက်ကားရောင်းချတဲ့ ဈေးသည်တွေက ခြံအထိ လာရောက်ဝယ်ယူကြပါတယ်။ ဒါ့ကြောင့် နှင်းဆီပန်းစိုက်ပျိုး ရောင်းချတဲ့လုပ်ငန်းက အလုပ်လဲ မရှုပ်ဘူး။ ဝင်ငွေလည်း တွက်ခြေကိုက်ပါတယ်။ ပြီးခဲ့တဲ့ ရက်တွေကတော့ ကိုဗစ်-၁၉ ကာလဖြစ်တော့ လက်ကားဈေးသည်တွေလည်း လာရောက်ဝယ်ယူခြင်း မရှိခဲ့ပါဘူး။ ဒါ့ကြောင့် နှင်းဆီပန်းပင်တွေကို ပြုပြင်တဲ့အနေနဲ့ ကိုင်းအခက်တွေကို ခုတ်ပစ်ထားတာပါ။ နှင်းဆီပန်းပင်က ကိုင်းအခက်တွေကို ခုတ်လေ အတက်တွေထွက်ပြီး ပိုးပြီးဖြစ်ထွန်းအောင်မြင်လေပါပဲ။ ခုဆိုရင် ဈေးတွေနဲ့ ကားလမ်းတွေလည်း ပြန်လည်ဖွင့်လှစ်လိုက်ပြီဆိုတော့ ပန်းဈေးကွက်လည်း ပြန်ပြီးတော့ အရောင်းအဝယ် ကောင်းလာတော့မှာဖြစ်ပါတယ်” ဟု ပွင့်ဖြူမြို့နယ် သမန်းရင်းကျေးရွာမှ နှင်းဆီပန်းစိုက်ပျိုးတောင်သူ ကိုကျော်ဇင်ဝင်းက ပြောသည်။

 

5

 

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်သည် စိုက်ပျိုးရေပေါကြွယ်ဝသည့်အတွက် ဒေသခံတောင်သူများမှာ နွေ၊ မိုး၊ ဆောင်း ရာသီမပျက် သီးနှံများစိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရပြီး ယခုနှစ်တွင် မြေအောက်ရေအသုံးပြု၍ တစ်ပိုင်တစ်နိုင် နှင်းဆီပန်းစိုက်ပျိုးရောင်းချခြင်းလုပ်ငန်းမှာ အောင်မြင်ဖြစ်ထွန်းပြီး အရောင်းအဝယ်ကောင်းသည့်အတွက် လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။

 

ရဲဝင်းနိုင် (ညောင်ဦး)