ပွင့်ဖြူမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မိုးစပါးစိုက်ခင်းဧက ၂၀၀ ကျော် ရေနစ်မြုပ်

ပွင့်ဖြူ    စက်တင်ဘာ  ၂၅

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် စက်တင်ဘာ ၂၄ ရက်နေ့မှ ယနေ့နံနက်ပိုင်းအထိ မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ၏ မိုးစပါးစိုက်ခင်းဧက ၂၆၃ ဧက ရေနစ်မြုပ်မှု ဖြစ်ပွားခဲ့ကြောင်း ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။

 

အဆိုပါ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပွင့်ဖြူမြို့နယ် ကနီကျေးရွာအုပ်စုနှင့် မဒဲကျေးရွာအုပ်စုအတွင်းရှိ စာတင်ချောင်း၊ အင်စုပ်ချောင်းနှင့် ချောင်းမကြီးချောင်းတို့တွင် ရေကြီးရေလျှံမှုဖြစ်ခဲ့ပြီး ကနီကျေးရွာ အုပ်စုအတွင်းရှိ ကွင်းအမှတ်(၇၄၃)တွင် မိုးစပါးစိုက်ခင်း ၃၅ ဧက ၊ ကွင်းအမှတ်(၇၄၅)တွင် မိုးစပါးစိုက်ခင်း ၄၀ ဧက၊ ကွင်းအမှတ်(၇၄၆)တွင် မိုးစပါးစိုက်ခင်း ၁၅၀ ဧက၊ မဒဲကျေးရွာအုပ်စုအတွင်းရှိ ကွင်းအမှတ်(၇၄၉)တွင် မိုးစပါးစိုက်ခင်း ၂၃ ဧကနှင့် ကွင်းအမှတ် (၇၅၀)တွင် မိုးစပါးစိုက်ခင်း ၁၅ ဧက  စုစုပေါင်း မိုးစပါးစိုက်ခင်း ၂၆၃ ဧက ရေကြီးနစ်မြုပ်မှုဖြစ်ပွားခဲ့သည်။

 

မိုးစပါးစိုက်ခင်းများ ရေနစ်မြုပ်မှုအခြေအနေအား သက်ဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ရဲဝင်းနိုင် (ညောင်ဦး)