ပွင့်ဖြူမြို့နယ်၌ နှမ်းဖြူ ပေါ်ဦးပေါ်ဖျား ဆီကြိတ်ရောင်းချသူများ တစ်ပိဿာလျှင် ငွေကျပ် ၁၁၅၀၀ ဈေးဖြင့် ရောင်းချနေရ

ပွင့်ဖြူ ဇွန် ၂၇

 

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများ မဲဇလီရေလွှဲဆည်ရေဖြင့် စိုက်ပျိုးသည့် နွေနှမ်း(နှမ်းဖြူ) သီးနှံများ ရိတ်သိမ်းခြွေလှေ့လျက်ရှိပြီး ဒေသခံတောင်သူများက ပေါ်ဦးပေါ်ဖျား နှမ်းဖြူများကို ဆီကြိတ်ရောင်းချရာ နှမ်းဖြူဆီ တစ်ပိဿာလျှင် ငွေကျပ် ၁၁၅၀၀ ဈေးဖြင့် ရောင်းချရသဖြင့် နှမ်းဖြူသီးနှံစိုက်ပျိုးတောင်သူများ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် မဒဲကျေးရွာမှ ဒေသခံတောင်သူများထံက သိရသည်။

 

“ကျွန်တော်တို့ ပွင့်ဖြူမြို့နယ်ဒေသမှာ မဲဇလီရေလွှဲဆည်ရေဖြင့် စိုက်ပျိုးထားရှိတဲ့ နွေနှမ်း(နှမ်းဖြူ) သီးနှံစိုက်ခင်းတွေ ရိတ်သိမ်းခြွေလှေ့နေကြပြီ ဖြစ်ပါတယ်။ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနကလည်း မိုးစပါးနဲ့ အခြား မိုးသီးနှံ အချိန်မီစိုက်ပျိုးနိုင်ရေးအတွက် မဲဇလီရေလွှဲဆည်မှ မိုးသီးနှံအတွက် စိုက်ပျိုးရေတွေလည်း ပေးဝေနေတာဖြစ်လို့ ဒေသခံတောင်သူတွေက နွေနှမ်းစိုက်တဲ့လယ်မြေတွေမှာ မိုးစပါးသီးနှံနဲ့ အခြားမိုးသီးနှံ စိုက်ပျိုးဖို့ သိမ်းဆည်းနေကြတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဒေသမှာ နွေနှမ်းစိုက်ပျိုးရေးလုပ်ငန်းက အောင်မြင်ဖြစ်ထွန်းမှုလည်း ရှိတာကြောင့် နှစ်စဉ်နှစ်တိုင်း ဒေသခံတောင်သူအများစုက နွေနှမ်းကို အားထားစိုက်ပျိုးကြပါတယ်။ နွေသီးနှံစိုက်ပျိုးရာသီမှာ အဓိက စိုက်ပျိုးတဲ့ နှမ်းမျိုးတွေကတော့ နှမ်းဖြူ၊ စမုံနက်၊ သိပ္ပံနှမ်းနက်၊ ရေဆင်း-၁၄ နှမ်းမျိုးများကို စိုက်ပျိုးတာ ဖြစ်ပါတယ်” ဟု ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာမှ ဒေသခံတောင်သူ ဦးကျော်ဆန်းက ရှင်းပြသည်။

 

လက်ရှိတွင် နှမ်းဖြူတစ်တင်း ငွေကျပ် ၆၁၀၀၀ ဈေးဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ စမုံနက်နှင့် သိပ္ပံနှမ်းနက်တို့မှာ နှမ်းဖြူထက် ဈေးပိုရကြောင်း၊ ယခုနှစ်တွင် နှမ်းဖြူစိုက်ပျိုးသည့် တောင်သူများ ပေါ်ဦးပေါ်ဖျား နှမ်းဖြူကို ဆီကြိတ်ရောင်းချလျက်ရှိပြီး တစ်ပိဿာ ကျပ် ၁၁၅၀၀ ဈေးဖြင့် စားသုံးပြည်သူများက ဝယ်ယူအားပေးသဖြင့် စီးပွားရေး တွက်ခြေကိုက်နေကြကြောင်း၊ နှမ်းဖြူကို ဆီကြိတ်ရောင်းချရာ၌ သစ်သားဆုံဖြင့်ကြိတ်သည့် ဆီတစ်ပိဿာကို ကျပ် ၁၁၅၀၀ ဈေးဖြစ်ပြီး စက်ကြိတ်ဆီဆိုလျှင် တစ်ပိဿာကို ကျပ် ၉၅၀၀ ဈေးသာ ရရှိကြောင်း၊ ဝယ်ယူအားပေးသူများက စက်ကြိတ်ဆီကို အဝယ်နည်းပြီး သစ်သားဆုံဆီကိုသာ အဝယ်များကြောင်း ၎င်းက ဆက်ပြောသည်။

 

ပွင့်ဖြူမြို့နယ်သည် မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ဆည်ရေသောက်ဧရိယာ အများဆုံး စိုက်ပျိုးထုတ်လုပ်သည့် မြို့နယ်တစ်ခုဖြစ်ကာ နှစ်စဉ် မဲဇလီရေလွှဲဆည်ရေဖြင့် ဒေသခံတောင်သူများက ဆန်စပါးရိက္ခာ ဖူလုံစေရေးအတွက် ဧရာမင်း၊ ရတနာတိုး၊ ပေါ်ဆန်းရင်၊ မနောသုခ စသည့် စပါးမျိုးများကို အများဆုံး စိုက်ပျိုးကြသည့်အပြင် ပြည်တွင်း ဆီစားသုံးမှု ဖူလုံစေရေးအတွက်ကိုလည်း နှမ်း၊ မြေပဲ၊ နေကြာသီးနှံနှင့် ပန်းနှမ်းများကို စိုက်ပျိုးထုတ်လုပ်လျက်ရှိကြောင်း သိရသည်။ စိုက်ပျိုးရေနှင့် ရာသီဥတု မျှတကောင်းမွန်မှုကြောင့် ဒေသခံတောင်သူများ စိုက်ပျိုးသည့် သီးနှံစိုက်ခင်းများမှာ အောင်မြင်ဖြစ်ထွန်းပြီး သီးနှံအထွက်နှုန်းများ ကောင်းမွန်၍ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ကြသူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

 

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)