ပွင့်ဖြူမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား မဲရုံပေါင်း ၁၆၀ ဖြင့် ကျင်းပပြုလုပ်သွားမည်

ပွင့်ဖြူ   ၂၈  ဇူလိုင်     


  
မကွေးတိုင်းဒေသကြီး  ပွင့်ဖြူမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ၊ နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပမည့် တတိယအကြိမ် မြောက် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲရုံပေါင်း (၁၆၀)ဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။ 

 

ပွင့်ဖြူမြို့နယ်တွင် ရပ်ကွက်(၄)ရပ်ကွက်၊ ကျေးရွာအုပ်စု(၅၂)အုပ်စုနှင့် ကျေးရွာပေါင်း (၂၀၄)ရွာ ရှိပြီး မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင် ဦးရေမှာ ကျား ၆၁၆၈၀ ၊ မ ၇၀၈၆၄ ဦး ၊ စုစုပေါင်း ၁၃၂၅၄၄ ဦး ရှိကြောင်း သိရသည်။ 

 

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မြို့နယ်အတွင်းရှိ မဲပေးပိုင်ခွင့်ရှိသော မဲဆန္ဒရှင် ပြည်သူများ မဲပေးခွင့်အခွင့်အရေး မဆုံးရှုံးစေရေးအတွက် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ ဇူလိုင် ၁၅ ရက်နေ့မှ စတင်ကာ ဩဂုတ်လ ၃၁ ရက်နေ့အထိ အသက်(၁၈)နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသေးသူများကို နိုင်ငံသားစိစစ်ရေး ကတ်ပြား ရရှိရေးအတွက် ရပ်ကွက်/ကျေးရွာများသို့ အရှိန်အဟုန်မြှင့်  ကွင်းဆင်းပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။ 

 

“ ကျွန်တော်တို့ ပွင့်ဖြူမြို့နယ်အနေနဲ့ ယခု ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ(၈)ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် တတိယအကြိမ်မြောက် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲစာရင်းတွေကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာတွေမှာရှိတဲ့ မဲရုံတွေမှာ ဇူလိုင် ၂၅ ရက်နေ့က စပြီး ကပ်ထားကြေညာပေးထားပါတယ်။ နောက်ပြီး ကျွန်တော်တို့ မြို့နယ်အနေနဲ့ ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရှိသော မဲဆန္ဒရှင်ပြည်သူများ အခွင့်အရေး မဆုံးရှုံး စေဖို့နဲ့ ပိုမိုတိကျမှန်ကန်တဲ့ မဲစာရင်းတွေရရှိဖို့အတွက် မဲဆန္ဒရှင်ပြည်သူတွေ မဲစာရင်းမှာ ပါ ၊ မပါ ကြည့်ရှုဖို့အတွက်ကို လည်း သက်ဆိုင်ရာနယ်မြေအလိုက် ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲရုံးတွေက နေ့စဉ် အသံချဲ့စက်တွေနဲ့ အသိပေးနှိုးဆော်တာ တွေ ဆောင်ရွက်ပေးသလို ကျွန်တော်တို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအနေနဲ့လည်း မဲစာရင်းတွေကို သတ်မှတ်နေရာမှာ စနစ်တကျ ထုတ်ပြန်ကြေညာခြင်း ရှိ/ မရှိ လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး ပါတယ်။ မဲစာရင်းကပ်ထား ကြေညာပေးခြင်း လုပ်ငန်းကိုတော့ ဇူလိုင် ၂၅ ရက်နေ့ကစပြီး ဩဂုတ်လ ၇ ရက်နေ့ အထိ (၁၄)ရက်ကြာ ကပ်ထားပေးသွားမှာ ဖြစ်ပါတယ်။ မဲစာရင်းမှာ မိမိအမည် မပါဝင်ပါက ပုံစံ(၃)ဖြင့် လည်းကောင်း ၊ မဲဆန္ဒရှင် စာရင်းတွင် မပါသင့်သူများ ပါဝင်နေပါက ပုံစံ(၄)ဖြင့် လည်းကောင်း ၊ မဲစာရင်းပါ အချက်အလက်များ မှားယွင်းနေပါက           ပုံစံ(၄ - ဂ)ဖြင့် လည်းကောင်း သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ပြင်ဆင် ၊ ကန့်သတ် ၊ ပယ်ဖျက်ခြင်းများ ပြုလုပ်ဆောင်ရွက်နိုင်ပါတယ်။ အဓိကကတော့ မဲဆန္ဒရှင်ပြည်သူအနေနဲ့ မဲစာရင်းမှာ မိမိတို့အမည် ပါ ၊ မပါကို မဖြစ်မနေ လာရောက်ကြည့်ရှုရန် လိုအပ်ပါတယ်” ဟု ပွင့်ဖြူမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဌ ဦးအောင်စန်းမြင့် က ပြောသည်။ 

 

 ရဲဝင်းနိုင် ( ညောင်ဦး )