ပွင့်ဖြူမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ ဓာတုဗေဒဘာသာရပ် ကျောင်းသားကျောင်းသူ ၁၂၅ ဦး ဖြေဆိုရန်ပျက်ကွက်

ပွင့်ဖြူ  ၁၆  မတ်       

 

မကွေးတိုင်းဒေသကြီး  ပွင့်ဖြူမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ ဓာတုဗေဒဘာသာရပ်အား ယနေ့နံနက် ၉ နာရီက စာစစ်ဌာန(၇)ခုဖြင့် ဖြေဆိုကျင်းပရာ စုစုပေါင်း လာရောက်ဖြေဆိုရန် ပျက်ကွက်သူဦးရေ ၁၂၅ ဦးရှိကြောင်း ပွင့်ဖြူမြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။ 

 

ယနေ့ ဖြေဆိုကျင်းပသည့် တက္ကသိုလ်ဝင်စာမေးပွဲ ဓာတုဗေဒဘာသာရပ်တွင် ဖြေဆိုရန်စာရင်းရှိ ၃၄၆၁ ဦး ရှိပြီး ဝင်ရောက်ဖြေဆိုသူဦးရေမှာ ကျား ၁၄၂၉ ဦး၊ မ ၁၉၀၇ ဦး စုစုပေါင်း ကျောင်းသားကျောင်းသူ ၃၃၃၆ ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး ပျက်ကွက်သူဦးရေ ကျား ၈၁ ဦး၊ မ ၄၄ ဦး၊ စုစုပေါင်း ၁၂၅ ဦး ရှိကြောင်းနှင့် ဖြေဆိုမှု ရာခိုင်နှုန်းအနေဖြင့် ၉၆ ဒသမ ၃၉ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။

 

ပွင့်ဖြူမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကျင်းပနေသည့် စာစစ်ဌာန(၇)ခုတွင် ကျောင်းသား ကျောင်းသူများ စာမေးပွဲဖြေဆိုနေစဉ် ကာလအတွင်း စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်းအောင် ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် လူမှုရေးအသင်းအဖွဲ့များ၊ နယ်မြေရပ်ကွက် အုပ်ချုပ်ရေးမှူးများက ယာဉ်အန္တရာယ်ကင်းဝေးစေရန် ယာဉ်လမ်းရှင်းလင်းရေး လုပ်ငန်းများ၊ ဆူညံသံများမဖြစ်ပွားစေရေး၊  မီးဘေးလုံခြုံရေးနှင့် ခိုက်ရန်ဖြစ်ပွားမှုများ မဖြစ်ပေါ်စေရေးအတွက် အပြင်စည်း  လုံခြုံရေးတာဝန်များ အနီးကပ်ကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်ပညာရေးမှူး ဒေါ်ခင်ပြုံးရီ ထံမှ  သိရသည်။   

                                                                                                             

ရဲဝင်းနိုင် ( ညောင်ဦး )