ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံမိုးမြေပဲအား သတ်မှတ်လျာထားဧကထက် ကျော်လွန်စိုက်ပျိုးပြီးစီး

ပွင့်ဖြူ ဇူလိုင် ၉

 

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်း စားသုံးဆီဖူလုံပိုလျှံစေရန်နှင့် သီးနှံဝင်ငွေ တိုးပွားစေရန် ရည်ရွယ်၍ ဒေသခံတောင်သူများက ဆီထွက်သီးနှံမိုးမြေပဲအား သတ်မှတ်လျာထားဧကထက် ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

 

“ဒီနှစ် မိုးသီးနှံစိုက်ပျိုးရာသီမှာ ပွင့်ဖြူမြို့နယ်အနေနဲ့ ဆီထွက်သီးနှံ မိုးမြေပဲကို ဒေသတွင်း စားသုံးဆီဖူလုံ ပိုလျှံစေဖို့နဲ့ တောင်သူတွေ သီးနှံဝင်ငွေတိုးပွားစေဖို့အတွက် တစ်မြို့နယ်လုံး မိုးမြေပဲစိုက်ဧက ၅၆၆ ဧက လျာထားစိုက်ပျိုးရာမှာ ယနေ့အထိ မြေပြင်စိုက်ပြီးဧက ၈၄၀ စိုက်ပျိုးပြီးစီးသွားပြီဖြစ်လို့ သတ်မှတ်လျာထားဧကထက် ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ပါတယ်။ မိုးမြေပဲစိုက်ပျိုးခြင်းကိုတော့ မေလနဲ့ ဇွန်လအတွင်း ရွာသွန်းခဲ့တဲ့မိုးနဲ့ တောင်သူတွေက လျာထားဧက ပြည့်မီအောင် ကြိုးပမ်းစိုက်ပျိုးခဲ့ကြပါတယ်။ အဲဒီလို ဆီထွက်သီးနှံ မိုးမြေပဲစိုက်ပျိုးရာတွင် ဒေသခံတောင်သူတွေကို တစ်ဧက သီးနှံအထွက်နှုန်းများ ရည်မှန်းချက်ပြည့်မီအောင် ထွက်ရှိစေဖို့အတွက် လိုက်နာဆောင်ရွက်ရမယ့် စိုက်ပျိုးရေးဆိုင်ရာ တောင်သူပညာပေးလုပ်ငန်းများကို နယ်မြေအလိုက် တာဝန်ခံ ကွင်းဝန်ထမ်းတွေက လယ်ယာမြေစိုက်ခင်းများအရောက် ကွင်းဆင်းပြီးတော့ ကူညီဆောင်ရွက်ပေးပါတယ်။ နောက်ပြီး ဆီထွက်သီးနှံ မိုးမြေပဲကလည်း ဈေးကွက်ရှိတဲ့အတွက် နှစ်စဉ် မိုးသီးနှံနဲ့ ဆောင်းသီးနှံစိုက်ပျိုးရာသီတွေမှာ ဒေသခံတောင်သူတွေက အားထားစိုက်ပျိုးကြတယ်။ စိုက်ပျိုးရေ အဆင်ပြေတဲ့အတွက်  အောင်မြင်ဖြစ်ထွန်းမှုလည်းရှိပြီး သီးနှံဝင်ငွေအကျိုးအမြတ်ရရှိကာ လုပ်ငန်းအဆင်ပြေကြပါတယ်” ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။

 

ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများသည် စိုက်ပျိုးရေ အဆင်ပြေမှုနှင့် စိုက်ပျိုးမြေကောင်းမွန်သည့်အတွက် (နွေ၊ မိုး၊ ဆောင်း) တစ်နှစ်ပတ်လုံး စိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ်လုပ်ကိုင်ကြပြီး သီးနှံများစိုက်ပျိုးရာ၌ ဒေသတွင်း စားနပ်ရိက္ခာ ဖူလုံစေရန်နှင့်  သီးနှံဝင်ငွေတိုးပွားစေရေးအတွက် ဈေးကွက်ရှိသည့် စပါး၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပန်းနှမ်း စသည့် ဆီထွက်သီးနှံများနှင့် ပဲမျိုးစုံသီးနှံများကို အားထားစိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရသည်။ ထိုသို့ ရာသီအလိုက် သီးနှံများစိုက်ပျိုးရာ၌ ဒေသခံတောင်သူများက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် စနစ်တကျ စိုက်ပျိုးဆောင်ရွက်ကြသဖြင့် သီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းမှုရှိပြီး လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။

 

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)