ပွင့်ဖြူမြို့နယ်တွင် ကုမ္ပဏီမှသိမ်းယူထားသော တောင်သူများ၏ ယာမြေများကို ဥပေဒေနှင့်အညီ လုပ်ကိုင်ခွင့်ရရှိရေးစီစဉ်ဆောင်ရွက်ပေးသွားမည် 

မကွေး  ၃  သြဂုတ် 

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်တွင် ဒဂုန်အင်တာနေရှင်နယ်ကုမ္ပဏီမှ သိမ်းယူထားသော တောင်သူများ၏ ယာမြေများကို ဒဂုန်အင်တာနေရှင်နယ်ကုမ္ပဏီမှ စိုက်ပျိုးခြင်းမရှိသည့်မြေများကို ပြန်လည်သိမ်းဆည်းပြီးပါက ဥပေဒေနှင့်အညီ လုပ်ကိုင်ခွင့်ရရှိရေး စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်သည်ဟု စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဋ္ဌေးက ပြောသည်။

သြဂုတ်လ ၂ ရက်နေ့တွင် ကျင်းပသော မကွေးတိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန်အစည်းအဝေးတွင် ပွင့်ဖြူမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ ဦးတင့်ဆန်းက ပွင့်ဖြူမြို့နယ်တွင် ဒဂုန်အင်တာနေရှင်နယ်ကုမ္ပဏီမှ သိမ်းယူထားသော တောင်သူများ၏ ယာမြေများကို တရားဝင် စွန့်လွှတ်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုကြောင်းနှင့် စပ်လျဉ်းသည့် မေးခွန်းမေးမြန်းခဲ့မှုအပေါ် ထိုသို့ စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဋ္ဌေးမှ ဖြေကြားပေးခဲ့ခြင်းဖြစ်သည်။   

                 

စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဋ္ဌေးမှ ပြန်လည်ဖြေကြားရာတွင် ဒဂုန်အင်တာနေရှင်နယ် ကုမ္ပဏီမှ စိုက်ပျိုးခြင်းမရှိသည့် မြေများကို ပြန်လည်သိမ်းဆည်းပြီးပါက အဆိုပါ မြေအတွင်း စိုက်ပျိုးလုပ်ကိုင်လျက်ရှိသည့် တောင်သူများအား စိစစ်လျက်လုပ်ကိုင်ခဲ့မှုအပေါ်မူတည်ပြီး ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေအရလည်းကောင်း၊ ၂၀၁၂-ခုနှစ် မြေလွတ်မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေအရလည်းကောင်း လုပ်ကိုင်ခွင့်ရရှိရေး စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားခဲ့ပါသည်။

အိမွန်ဆွေ(ရေစကြို)