ပွင့်ဖြူမြို့နယ်တွင် သဘာဝဘေးဒဏ်သင့် ကျေးရွာပေါင်း(၂၆)ရွာမှ တိရစ္ဆာန်များအတွက် အစာများ ထောက်ပံ့မည်

ပွင့်ဖြူ  စက်တင်ဘာ  ၁၅

 

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ သဘာဝဘေးဒဏ်သင့် ကျေးရွာပေါင်း(၂၆)ရွာအား ဒေသခံမွေးမြူရေးတောင်သူများ တိရစ္ဆာန်အစာ အခက်အခဲ မဖြစ်စေရေးအတွက် တိရစ္ဆာန်အစာများ ထောက်ပံ့ပေးအပ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာသန့်ဇော်ထွေး ထံမှ သိရသည်။

           

ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ရေဝင်ရောက်ခဲ့သည့် သဘာဝဘေးဒဏ်သင့် ကျေးရွာအုပ်စု (၈)အုပ်စု၊ ကျေးရွာပေါင်း (၂၆)ရွာရှိကြောင်း သိရပြီး အဆိုပါ သဘာဝဘေးဒဏ်သင့် ကျေးရွာများမှ ဒေသခံမွေးမြူရေး တောင်သူများ မွေးမြူထားရှိသော ကျွဲနွားကောင်ရေ ၅၀၀၀ ကျော်ခန့်ရှိကြောင်း သိရသည်။ မြို့နယ်မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနက ဒေသခံတောင်သူများ တိရစ္ဆာန်အစာ အခက်အခဲမဖြစ်စေရေးအတွက် တိရစ္ဆာန်အစာအိတ်(50Kg) အလုံးရေ ၁၀၀ နှင့် (25 Kg) တိရစ္ဆာန်အစာအိတ် အလုံး(၄၀) ၊ စုစုပေါင်း တိရစ္ဆာန်အစာအိတ် အလုံး(၁၄၀)အား အိမ်ထောင်စုအလိုက် စနစ်တကျ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

           

ထို့အပြင် သဘာဝဘေးဒဏ်သင့်ကျေးရွာများမှ ကျွဲနွားတိရစ္ဆာန်များကို ကူးစက်ရောဂါ မဖြစ်ပွားစေရန်နှင့် မွေးမြူရေးလုပ်ငန်း အောင်မြင်ဖြစ်ထွန်းစေရေးအတွက် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသန့်ဇော်ထွေး ဦးဆောင်၍ ဝန်ထမ်းများအဖွဲ့က ကျေးရွာအုပ်စုအလိုက် လူထုတိရစ္ဆာန်ကျန်းမာရေးလုပ်သား(CAHW) များနှင့် ပူးပေါင်းပြီး ယခုလ(၈)ရက်နေ့က စတင်ပြီး ပေါင်ပုပ်လက်ပုပ်ရောဂါ ၊ လည်ချောင်းကွဲရောဂါနှင့် ထောင့်သန်းရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ကုသရေးလုပ်ငန်းများ အခမဲ့ ကွင်းဆင်းကုသပေးလျက်ရှိကြောင်း သိရသည်။

           

“ကျွန်တော်တို့ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအနေနဲ့ နှစ်စဉ် မြို့နယ်အတွင်းရှိ သဘာဝဘေးဒဏ်သင့် ကျေးရွာများကို ဒေသခံမွေးမြူရေးတောင်သူတွေ ကျွဲနွား တိရစ္ဆာန်အစာ အခက်အခဲ မဖြစ်စေရေးအတွက် ရည်ရွယ်ပြီး တိရစ္ဆာန်အစာနုအိတ်များ ထောက်ပံ့ပေးခြင်းနဲ့ တိရစ္ဆာန်ကူးစက်ရောဂါ မဖြစ်စေရေးအတွက် လိုအပ်သော ကာကွယ်ဆေး ထိုးနှံပေးခြင်း ၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ယခုနှစ်မှာလဲ မြို့နယ်အတွင်း ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေဝင်ရောက်ခဲ့သည့် သဘာဝဘေးဒဏ်သင့် ကျေးရွာ(၂၆)ရွာရှိ ကျွဲနွားကောင်ရေ ၅၀၀၀ ကျော်အတွက် တိရစ္ဆာန်အစာနုအိတ်များ ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။ ထောက်ပံ့ပေးမဲ့ တိရစ္ဆာန်အစာနုအိတ် အရေအတွက်ကတော့ (50 Kg) အလုံးရေ ၁၀၀ နှင့် (25 Kg) အလုံးရေ(၄၀) ၊ စုစုပေါင်း တိရစ္ဆာန်အစာအိတ်နု အလုံးရေ(၁၄၀)ကို ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။ တစ်ချို့တောင်သူတွေကိုလည်း တိရစ္ဆန်အစာနုအိတ်တွေ စတင်ထောက်ပံ့ပေးနေပြီ ဖြစ်ပါတယ် ဟု ပွင့်ဖြူမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသန့်ဇော်ထွေး က  ပြောသည်။   

 

ရဲဝင်းနိုင် ( ညောင်ဦး )