ပြင်သစ်-မြန်မာပရိုင်းမိတ် ကျောက်ဖြစ်ရုပ်ကြွင်း ပူးပေါင်းသုတေသနအဖွဲ့မှ ပုံတောင်ပရိုင်းမိတ် ကျောက်ဖြစ်ရုပ်ကြွင်း ကွင်းဆင်း သုတေသနပြုလုပ်

နေပြည်တော်  ၉  မတ်

 

ပြင်သစ်နိုင်ငံ Poitier University မှ ပါမောက္ခ Jean-Jacques Jaeger ဦးဆောင်သောပညာရှင် အဖွဲ့နှင့် မြန်မာနိုင်ငံ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနနှင့် ပညာရေးဝန်ကြီးဌာနမှ ပညာရှင်များပူးပေါင်း၍ ကျောက်ဖြစ် ရုပ်ကြွင်းသုတေသနလုပ်ငန်းများကို ဖေဖော်ဝါရီ ၈ ရက်မှ ၂၈ ရက် အထိ ပူးပေါင်း ဆောင်ရွက်လျက် ရှိသည်။

 

ပူးပေါင်းအဖွဲ့သည်  ဖေဖော်ဝါရီ ၁၅ ရက်တွင် မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ ပေါက်ခေါင်းကျေးရွာအနီး ကြာကန်ကျစ်ချောင်၌ ပုံတောင်ဂျီးယား ပရိုင်းမိတ်၏ အံသွား အမှတ် (၁)နှင့် (၂) ပါရှိသောဘယ်ဘက် အောက်မေးရိုးပါ သွားနှစ်ချောင်းကို လည်းကောင်း၊ ဖေဖော်ဝါရီ ၁၈ ရက် နံနက် ၉ နာရီခန့်တွင် ယာရှည်ကျစ်ချောင်မှ ပုံတောင်ဂျီးယားညာဘက် အောက်မေးရိုးပါ သွားနှစ်ချောင်းနှင့် သွားအလွတ် အသေးတစ်ချောင်းကို လည်းကောင်း၊  ဖေဖော်ဝါရီ ၂၂  ရက်တွင် သန်းဥတောမှ ပုံတောင်ဂျီးယား၏ ဘယ်ဘက် မေးရိုးပါ အံကြိုသွား အမှတ်(၃)နှင့် အံသွားအမှတ်(၃)ပါ တစ်ချောင်းကိုလည်းကောင်း၊ ယာရှည် ကျစ်ချောင်မှ ပုံတောင်ဂျီးယား၏ ညာဘက်ပိုင်း အံသွားအမှတ်(၁)နှင့် အမှတ်(၃)ပါသွားတစ်ချောင်း၊ အကြီးသွားအလွတ်နှစ်ချောင်းကို လည်းကောင်း၊ ပေါက်ခေါင်း ကျစ်ချောင် အမှတ်(၂) မြေသားရေးဆေးဇကာချရာမှ ပုံတောင်ဂျီးယား၏ ညာဘက် မေးရိုးပါ အံသွားအမှတ် (၁) နှင့် အမှတ်(၃) ပါ တစ်ချောင်းတို့ကို လည်းကောင်း တွေ့ရှိခဲ့သည်။ ထိုသို့ တွေ့ရှိရသော ပုံတောင်ဂျီးယားမျိုးစု၏ အံသွားမှာယခင်တွေ့ရှိခဲ့ဖူးသော ပုံတောင်ဂျီးယားမျိုးစု၏ အံသွားကဲ့သို့ ကြွေလွှာများတွန့်ခေါက်မှု နည်းပါးပြီး ချောမွတ်နေသည်ကို တွေ့ရှိရပြီး အရွယ်အစားမှာလည်း အနည်းငယ် သေးငယ်နေသည်ကို တွေ့ရှိရပါကြောင်း၊ ပုံတောင် ဂျီးယား မျိုးစုပရိုင်းမိတ်၏ ကျောက်ဖြစ် ရုပ်ကြွင်းကိုကြာကန်ကျစ်ချောင်နှင့် သန်းဥတော ကျစ်ချောင်မှ ယခုနှစ်တွင် ပထမဆုံး တွေ့ရှိခဲ့ခြင်းဖြစ်ပါကြောင်း သတင်းရရှိသည်။

 

(သတင်းစဉ်)