ပြင်သစ်အိုးပင်း အမျိုးသမီး တစ်ဦးချင်းတင်းနစ်ပြိုင်ပွဲတွင် ဆွီယာတာ ဗိုလ်စွဲခဲ့ခြင်းနှင့်အတူ   မှတ်တမ်းသစ်အချို့  စိုက်ထူ

၁၁   အောက်တိုဘာ

ဒီနေ့မနက် အစောပိုင်းက  ယှဉ်ပြိုင်ခဲ့တဲ့  ပြင်သစ်အမျိုးသမီးတစ်ဦးချင်း တင်းနစ်ပြိုင်ပွဲမှာ ပိုလန်တင်းနစ်မယ် ဆွီယာတာ က  ဦးစားပေးအဆင့် (၄) သတ်မှတ်ခံရတဲ့ အမေရိကန်တင်းနစ်မယ် ဆိုဖီယာကီနင်ကို   ၆-၄၊ ၆-၁ နဲ့ နှစ်ပွဲပြတ် အနိုင်ယူပြီး   သူ့ရဲ့  ပထမဆုံးဂရင်းစလင်း ချန်ပီယံဆုအဖြစ်  ရယူသွားပါတယ်။

 

အသက် (၁၉)နှစ်သာရှိသေးတဲ့  ဆွီယာတာ ဟာ ပြီးခဲ့တဲ့နှစ်ကမှ တင်းနစ်ပဲ ဆက်ကစားရမလား၊  တက္ကသိုလ်ပဲ ဆက်တက်ရမလား ဝေခွဲရခက်နေခဲ့ပေမယ့်  လက်ရှိမှာတော့  ပိုလန်နိုင်ငံသားထဲမှာ ပထမဆုံး  ဂရင်းစလင်းချန်ပီယံဆုကို ရယူနိုင်တဲ့ ကစားသမားအဖြစ်သာမက ၁၉၉၂ ခုနစ် မောနီကာဆီးလက်စ်နောက်ပိုင်း  အသက်အငယ်ဆုံးနဲ့ ပြင်သစ်အိုးပင်းချန်ပီယံဖြစ်ခဲ့တဲ့ မှတ်တမ်းကိုပါ တစ်ပြိုင်နက်တည်း ရယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် လက်ရှိကမ္ဘာ့အဆင့်သတ်မှတ်ချက် အနိမ့်ဆုံးရှိနေတဲ့ ကစားသမားတစ်ဦးက  ကစားရခက်တဲ့ မြေစေးကွင်းမှာ ချန်ပီယံဖြစ်ခဲတဲ့  နောက်ထပ် မှတ်တမ်းကောင်းတစ်ရပ်ပါ ပူးတွဲ စိုက်ထူလိုက်နိုင်တာပါ။

 

သူဟာ ၂၀၁၈ ခုနှစ် အငယ်တန်းအဆင့် ဝင်ဘယ်လ်ဒန်ဖလားကို ရယူနိုင်ခဲ့တဲ့ မှတ်တမ်းကလွဲပြီး ပြင်သစ်အိုးပင်းမတိုင်မီ ဘယ်ပြိုင်ပွဲမှာမှ ချန်ပီယံမဖြစ်ခဲ့ဘဲ ပြင်သစ်အိုးပင်းလို ဂုဏ်သိက္ခာကြီးတဲ့ ပြိုင်ပွဲမှာမှ  ပွဲစဉ်တစ်လျှောက် လက်စွမ်းပြပြီး  ချန်ပီယံဖြစ်ခဲ့တာဖြစ်ပါတယ်။

 

ဒီဆုကို ရရှိမယ်လို့ မမျှော်လင့်ထားဘဲ  ကိုယ့်ကိုယ်ကိုယ်တောင် အံ့အားသင့်ခဲ့ရတယ်လို့  ဆွီယာတာ က ဖွင့်ဟခဲ့ပါတယ်။တင်းနစ်ဟာ သူ့ဘဝအတွက် အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်ပြီး မနက် ၇ နာရီဆို ပုံမှန်လေ့ကျင့်ရေး ပြုလုပ်ပြီးမှ ကျောင်းကို သွားတတ်တဲ့ နေ့စဉ်အလေ့အထနဲ့ ကြီးပြင်းလာခဲ့သူလို့လည်း  ချန်ပီယံဆုဆွတ်ခူးအပြီး မီဒီယာများနဲ့တွေ့ဆုံစဉ် ပြောကြားခဲ့ပါတယ်။

 

ဆွီယာတာ ကို တင်းနစ်အသိုင်းအဝိုင်းက နာမည်ကျော်အတော်များများက ဂုဏ်ပြုပေးခဲ့ကြသလို တစ်နိုင်ငံတည်းသား ပိုလန်နာမည်ကျော် ဘောလုံးသမား လီဝန်ဒေါစကီး ကလည်း ဂုဏ်ပြုစကား ဆိုခဲ့ပါတယ်။

မေလဲ့သင်း