ပြင်သစ်အိုးပင်း ဗိုလ်လုပွဲတွင် နာဒယ်လ်နှင့်  ဂျိုကိုဗစ်တို့တွေ့ဆုံမည်

၁၀  အောက်တိုဘာ

ပြင်သစ်အိုးပင်းလက်ရှိချန်ပီယံဖြစ်တဲ့ စပိန်တင်းနစ်အကျော်အမော် နာဒယ်လ်က အကြိုဗိုလ်လုပွဲမှာ အာဂျင်တီးနားကစားသမား ရှဝါ့ဇ်မန်းကို အနိုင်ရရှိခဲ့လို့ ဗိုလ်လုပွဲမှာ လက်ရှိကမ္ဘာ့အဆင့်(၁) ကစားသမား ဂျိုကိုဗစ်နဲ့ တွေ့ဆုံရတော့မှာဖြစ်ပါတယ်။  ဂျိုကိုဗစ်ကလည်း  အကြိုဗိုလ်လုပွဲမှာ  ဦးစားပေးအဆင့် (၅) သတ်မှတ်ခံရသူ ဂရိကစားသမား စတီဖာနိုစ် ကို ၆-၃၊ ၆-၂၊ ၅-၇၊ ၄-၆၊ ၆-၁နဲ့ အနိုင်ယူပြီး ဗိုလ်လုပွဲကို တက်ရောက်လာခဲ့တာဖြစ်ပါတယ်။

 

အကြိုဗိုလ်လုပွဲ အနေအထားအရ နာဒယ်လ်က ဂျိုကိုဗစ်ထက် ပွဲချောင်ခဲ့ပြီး  ဂျိုကိုဗစ်ဟာ အသက် (၂၂)နှစ်အရွယ် စတီဖာနိုစ်ရဲ့ ဂရင်းစလင်းဗိုလ်လုပွဲကို  ပထမဆုံးအကြိမ် တက်ရောက်ဖို့  အားထုတ်မှုကို ခက်ခက်ခဲခဲ ရင်ဆိုင်ခဲ့ရပြီး နောက်ဆုံးပွဲငယ်မှသာ  အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ အခုဗိုလ်လုပွဲဟာ နာဒယ်လ်နဲ့ ဂျိုကိုဗစ်တို့ရဲ့  ၅၆ ကြိမ်မြောက် တွေ့ဆုံမှုလည်းဖြစ်သလို  ဂရင်းစလင်းပြိုင်ပွဲတွေမှာ ကိုးကြိမ်မြောက် ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ရခြင်းလည်းဖြစ်ပါတယ်။

 

ပြင်သစ်မြေဟာ နာဒယ်လ်အတွက် အောင်မြေဖြစ်ပြီး  ၁၅ ကြိမ် ယှဉ်ပြိုင်ခဲ့ရာမှာ ချန်ပီယံ ၁၂ ကြိမ်အထိ ဖြစ်ထားပြီး နှစ်ကြိမ်သာ ရှုံးပွဲကြုံဖူးပါတယ်။ အခုလို ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့တာကြောင့် ဒါဟာ သူ့အတွက် ပြင်သစ်အိုးပင်းမှာ ၁၃ ကြိမ်မြောက် ဗိုလ်လုပွဲကို တက်ရောက်နိုင်ခြင်းလည်း ဖြစ်သလို ဗိုလ်လုပွဲတက်ရောက်တိုင်း  ချန်ပီယံဖြစ်ခဲ့တဲ့ အစဉ်အလာကောင်းကို ဆက်ထိန်းနိုင်မလားဆိုတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ နာဒယ်လ်ဟာ ဆွစ်ဇာလန်ကစားသမား ဖက်ဒဲရာပြီးရင် ဂရင်းစလင်း ပြိုင်ပွဲတွေမှာ ချန်ပီယံ ၁၉ ကြိမ်ရထားတဲ့ အအောင်မြင်ဆုံး ကစားသမားဖြစ်ပြီး ယခုပြိုင်ပွဲမှာသာ ဗိုလ်စွဲခဲ့ရင် ဖက်ဒဲရာရဲ့  ဂရင်းစလင်း အကြိမ်အများဆုံး ရရှိထားတဲ့ စံချိန်ကို လိုက်မီမှာဖြစ်ပါတယ်။

မေလဲ့သင်း